(င)-၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်ရှိ ကျေးလက်လမ်းများအား နှစ်စဉ်ဖောက်လုပ်နေသော အကွာအဝေးမိုင်များထက် ပိုမိုဖောက်လုပ်ပေးရန်နှင့် ပျက်စီးနေသောလမ်းများအား အသုံးပြုနိုင်ရန်အတွက် ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်အတွင်းရှိ ကျေးလက်လမ်းများအား နှစ်စဉ်ဖောက်လုပ် ဆောင်ရွက်နေသော အကွာအဝေးမိုင်များထက်ပိုမိုဖောက်လုပ်ပေးရန်နှင့် ယခင်ဖောက်လုပ်ပြီး အသုံးမပြုနိုင်ဘဲ ပျက်စီးနေသော ကျေးလက်လမ်းများအား အသုံးပြုနိုင်ရန်အတွက် ပြုပြင်ထိန်းသိမ်း ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
မင်းတပ်မြို့နယ်အတွင်းရှိ ဖောက်လုပ်ပြီးလမ်းများသည် နှစ်စဉ်မိုးတွင်းတွင် မြေပြိုပိတ်ဆို့မှုများဖြစ်ပြီး သွားလာရန်ခက်ခဲသည့် ကျေးရွာရှိ လူငယ်လူရွယ်များက အသိစိတ်ဓာတ်ဖြင့် လာရောက်ဝိုင်းဝန်း ကူညီလုပ်ကိုင် နေခြင်းဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ မင်းတပ်နှင့် မကွီအိမ်နူးမြို့ကို ဆက်သွယ်ထားသည့်လမ်းသည် မိုးတွင်းကတည်းက ပိတ်နေသည့်လမ်းသည် ကားလမ်းကြီးဖြစ်ပါကြောင်း၊ သို့သော် ကျေးရွာရှိပြည်သူများသည် ပထမမိုးတွင်းကာလ ပြည်သူများ သွားလာရေးအတွက် နှစ်ကြိမ်တိုင်ရှင်းလင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမအကြိမ် ရှင်းလင်းမှုအပြီး အပြန်တွင် အဆိုပါ ကျေးရွာသားတစ်ယောက်သည် လမ်းခရီးတွင် ဆုံးရှုံးသွားရပါကြောင်း၊ ဒုတိယအကြိမ် ပြန်လည်ပြုပြင်ပြင်ဆင်နေခြင်း အခြေအနေတွင် ယနေ့အထိ ပြန်လည်ပြင်ဆင် ပေးခြင်းလည်း မရှိသေးပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မဟာဗျူဟာ ရည်မှန်းချက်အရ ၂၀၃၀ ခုနှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ အသုံးပြုစေရန်ဆိုသည့် မဟာဗျူဟာရည်မှန်းချက် အောင်မြင်ရေးအတွက် ကျေးလက်လမ်းများ ပိုမိုဖောက်လုပ်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ ကျေးလက်လမ်း မိုင်ပေါင်း ၄၇၇၀ မိုင် ရှိပါကြောင်း၊ ရာသီမရွေးသွားလာနိုင်သည့် လမ်းက ၅ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ ထို့ကြောင့် ၂၀၃၀ ခုနှစ်တွင် ကျေးလက်လမ်းမဟာဗျူဟာ အောင်မြင်ရေးအတွက်ဆိုလျှင် တစ်နှစ်တွင် ချင်းပြည်နယ်အတွင်းရှိ ကျေးလက်လမ်းမိုင်ပေါင်း ၃၆၇ မိုင်ခန့် အဆင့်မြှင့်တင် ဆောင်ရွက်မှသာ မဟာဗျူဟာအောင်မြင်မည် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ ခရိုင်အလိုက် ဟားခါး၊ ဖလမ်း၊ မင်းတပ်ခရိုင်၏ မိုင်တိုင်အကွာအဝေးသည် ဟားခါးတွင် ၁၀၀၀၊ ဖလမ်းတွင် ၁၀၀၀ ကျော်၊ မင်းတပ်တွင် ၂၀၀၀ ကျော်ရှိပါကြောင်း၊ သို့သော် ဘတ်ဂျက်လျာထား ဆောင်ရွက်သည့် နေရာတွင် ၁၀၀၀ ကျော်ရှိသည့် နေရာသည် ကျပ်သန်းပေါင်း ၃၀၀၀ ကျော်ရှိပြီး မင်းတပ်ခရိုင်ထဲတွင် ကျပ်သန်းပေါင်း ၁၄၀၀ ခန့် လျာထားသည်ဆိုသည့် ပြဿနာများကို ပြည်သူများက မိမိတို့အား အမြဲတမ်းမေးပါကြောင်း၊ ထို့ကြောင့် ယခုလိုဆောင်ရွက်သည့် နေရာတွင် ချိန်ခွင်လျှာ တစ်ဖက်စောင်းနင်း မဖြစ်ဘဲ မျှမျှတတဖြင့် ပြည်သူများက ဆောင်ရွက်စေချင်သည့် ဆန္ဒလေးလည်း ရှိပါကြောင်း၊ မိမိအနေဖြင့် ချင်းပြည်နယ်ဒေသတွက် ယခုလိုလမ်းများ ဖြစ်သည့်အတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။