(ဃ)-ဒလမြို့နယ်ရှိ တံတားအမှတ် ၁/၁၄ သခွပ်မြစ်ကူးတံတားကို တံတားအသစ်တစ်စင်းတည်ဆောက် ပေးရန် သို့မဟုတ် တံတားကြမ်းခင်းများ ထိန်းသိမ်းပြုပြင်ပေးရန်နှင့် တံတားအကျယ်တိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ဒလမြို့နယ်ရှိ တံတားအမှတ် (၁/၁၄) သခွပ်မြစ်ကူးတံတားသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဒလမြို့နယ်တွင် တစ်ခုတည်းသော စီမံအုပ်ချုပ်ခွင့်ရသည့် ဒလနှင့်ကော့မှူး-ကွမ်းခြံကုန်း၊ ဒလမြို့နယ်အဆက် ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်ကုန်း လမ်းပေါ်တွင်ရှိသည့် တံတားတစ်စင်း ဖြစ်ပါကြောင်း၊ မိုင်တိုင်အမှတ် ၁၃ နှင့် ၁၃ မိုင် ၁ ဖာလုံကြားထဲတွင်ရှိသည့် မြစ်ကူးတံတားလည်း ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် ဒလမြို့နယ်ရှိပြီး တစ်ဖက်တွင် ကော့မှူးမြို့နယ် နယ်စပ် ဆက်သွယ်ထားသည့် တံတားလည်း ဖြစ်ပါကြောင်း၊ ကျိုက်ဓနုတ်စေတီနှင့် နီးကပ်စွာ တည်ရှိသည့် တံတားတစ်စင်းလည်းဖြစ်ပြီး ကော့မှူး-ကွမ်းခြံကုန်းမှ ဆက်ပြီးသွားမည်ဆိုလျှင် ဧရာဝတီတိုင်း ဒေသကြီးအထိ သွားနိုင်သည့် ဝင်ပေါက်/ထွက်ပေါက် တံတားလည်း ဖြစ်ပါကြောင်း၊ အဆိုပါ သခွပ်တံတားမှတစ်ဆင့် ကျိုက်ဓနုတ်စေတီကို လာရောက်ဖူးမြော် နိုင်ပါကြောင်း၊ ထို့ကြောင့် ၎င်းတံတားသည် ဘာသာရေးယဉ်ကျေးမှုအရ အရေးပါသည့် တံတားဖြစ်ပါကြောင်း၊ တံတားသည် ပကတိအခြေအနေအတိုင်း ပြောရမည်ဆိုလျှင် လွန်စွာဟောင်းနွမ်းနေသည့်အပြင် ကမ်းကပ်ခုံ အခြေမကောင်းခြင်း၊ ကြမ်းခင်းများပျက်စီးနေခြင်း၊ ချဉ်းကပ်လမ်းတာပေါင် ကျဉ်းနေခြင်းနှင့် အကာအကွယ်တိုင်များ လိုအပ်လျက်ရှိခြင်းတို့ ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ခန်းဖွင့်တစ်ခုတွင် အပေါက်များ ဖြစ်ပေါ်လာခြင်းကြောင့် ပြုပြင်ခဲ့ရပါကြောင်း၊ ၎င်းနှစ် မေလတွင် ကြမ်းခင်းယက်များ အားနည်းကြောင်း ထပ်မံစစ်ဆေးတွေ့ရှိပါကြောင်း၊ ယနေ့အချိန်တွင် ဒလ-ဒနုတ် လမ်းပိုင်းကို ၁၂ ပေမှ ၁၈ ပေအထိ တိုးချဲ့ထားပြီး ဖြစ်ခြင်းကြောင့် ယာဉ်အစီးရေသည်လည်း နေ့စဉ်အစီးရေ ၅၀၀ ကျော် ဖြတ်သန်းနေသည့် လမ်းဖြစ်လာပါကြောင်း၊ လမ်းကောင်းလာ သည့်အတွက် တန်ပိုဝန်လေးယာဉ်များ ပိုမိုဖြတ်သန်းသွားလာလျက် ရှိသည့်လမ်းလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နေ့စဉ်ယာဉ်အစီးရေ တိုးတက်များပြားစွာ အသုံးပြုနေခြင်းကြောင့် ကြမ်းခင်းအောက်ဆင့် ကာဗာများ၊ ကွန်ကရစ်ကာဗာများ ပဲ့ကျလာသည့်အပြင် ကြမ်းခင်းဆက် ကြောင်းများ၊ အားဖြည့်သံချောင်းများ ကွာလာခြင်း၊ Joint များတွင် ထိပ်ပဲ့အက်ကြောင်းများ များလာခြင်းကြောင့် အမြင်လှသော်လည်း အန္တရာယ်ရှိသည့် တံတားတစ်စင်းဖြစ်လာပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် တံတားသည် ကျဉ်းနေသည့်အတွက် လမ်းပိတ်ဆို့မှုများ၊ ကားလမ်းဘေးချော်ကျခြင်းများ အစရှိသည်ဖြင့် ဖြစ်ပေါ်နေကြသည့်အကြောင်း ပြည်သူများမှ လာရောက်တင်ပြကြပါကြောင်း၊ ဒလ-ရန်ကုန်မြစ်ကူး တံတားသည်လည်း ပြီးသွားမည်ဆိုလျှင် အဆိုပါလမ်းပေါ်ရှိ ယာဉ်အသွားအလာ ၎င်းထက်ထူထပ်လာရန် ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်ရှိ တံတားအမှတ် (၁/၁၄) သခွပ်မြစ်ကူးတံတားကို တံတားအသစ်တစ်စင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တံတားကြမ်းခင်းများ ထိန်းသိမ်းပြုပြင်ရန် တံတားအကျယ် တိုးချဲ့ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။