(ခ)-မိုင်းရယ်မြို့နယ် စလန်း-ပုန်းထွန်ကျေးရွာအုပ်စု၊ ပိန်းကွေ့ကျေးရွာအထိ(နားယ-နားစောက်-ပိန်းကွေ့) လမ်းအပိုင်းအား ကတ္တရာလမ်းအဖြစ် သက်ဆိုင်ရာက မည်သည့်ကာလတွင် ဆောင်ရွက် ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိုင်းရယ်မြို့နယ်မှ စလန်း-ပုန်းထွန်ကျေးရွာထိ သွားသည့်လမ်းပိုင်းသည် စလန်း-ပုန်းထွန်ကျေးရွာ အုပ်စုသည် ရှစ်ရွာရှိပါကြောင်း၊ သို့သော် ၎င်းအုပ်စုသည် မိုင်းရယ်မြို့မှ တိုက်ရိုက်ဆက်သွယ် ထားသောလမ်းအပိုင်း လုံးဝမရှိပါကြောင်း၊ မိုင်းရယ်မှ လားရှိုးမြို့နယ်အတွင်းကတစ်ဆင့် ပြန်ကွေ့ပြီး မိုင်းရယ်မြို့နယ် ထဲပြန်ဝင်ပြီး စလန်း-ပုန်းထွန်ကျေးရွာအုပ်စုကို ပြန်သွားသည့်အပိုင်း ဖြစ်ပါကြောင်း၊ လမ်းကတော်တော်ဝေးသဖြင့် သွားလာရန်ခက်ခဲခြင်း၊ မိုင်းရယ်မြို့မှ နမ့်ပေါင်ကျေးရွာအထိ နမ့်ပေါင်ကနေမှ နားယအထိ ကတ္တရာလမ်းပိုင်း ရှိသဖြင့် အဆိုပါ နားယကနေပြီးမှ နားယ-နားစောက်-စလန်း-ပုန်းထွန်ကျေးရွာအထိ ဝင်သွားသည့် လမ်းပိုင်းများက မြေသားလမ်းအပိုင်းများသာ ရှိနေပါကြောင်း၊ ပြီးခဲ့သည့်သက်တမ်းတွင် ကျောက်ချောလမ်းကို တချို့တစ်ဝက် ဆောင်ရွက်ထားခြင်း ရှိသော်လည်း မိုးတွင်းကာလတွင် အင်မတန်မှ သွားလာရခက်ခဲသဖြင့် အချို့နေရာများတွင် လမ်းမရှိဘဲ ရေချောင်းထဲကနေ ဖြတ်သန်းသွားရသည့် လမ်းဖြစ်ပါကြောင်း၊ မိုးတွင်းရေကြီး လာပြီဆိုလျှင် သွားရသည်မှာ တော်တော်လေးခက်ခဲသည့် အနေအထား ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကျေးရွာ အုပ်စုတွင်ရှိသည့် လူထုနှင့်သွားရောက် တွေ့ဆုံသည့်အခါတိုင်း ၎င်းတို့၏နေရာလေးက တစ်သီးတစ်ခြား နေရာလေးကဲ့သို့ ဖြစ်နေသဖြင့် သွားလာမှုအင်မတန် ခက်ခဲသောကြောင့် နေရာဖြစ်သဖြင့် တောင်းဆိုခြင်း ဖြစ်ပါကြောင်း၊ ထို့နောက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကိစ္စများတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အချိန်မရွေး အလွယ်တကူသွားလာ နိုင်ရန်လည်း ယခုလို နားယ-နားစောက်-ပိန်းကွေ့လမ်းအပိုင်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။