(က)-ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးမြို့မှ ဆဂါပါကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းအား ကတ္တရာလမ်းခင်း သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဆဂါပါကျေးရွာ၏ တောင်ပေါ်ရှိ ကျေးရွာလူနေအိမ်များသည် တောင်ပေါ်တွင် တည်ဆောက်ထားသည့် ရွာ/အိမ်များ ဖြစ်ပါကြောင်း၊ မိမိတို့တောင်ပေါ်က ကျောင်းများ ဆဂါပါကျေးရွာအနီးအနား အားလုံးပေါင်းလျှင် ကျောင်းလေးကျောင်း ရှိပါကြောင်း၊ ဆဂါပါကျေးရွာ၏ မူလတန်းကျောင်း သည်လည်း ကျေးရွာကျောင်း ဖြစ်ပါကြောင်း၊ ကျောင်းအားလုံးပေါင်းလျှင် အ.လ.က (ခွဲ) ဆဂါပါကျောင်း၊ အ.လ.က (ခွဲ) လုံထောင်ကျောင်း၊ ယင်းနော့ အ.မ.က (ခွဲ) ကျောင်း၊ ဘိုဝါ အ.မ.က (ခွဲ) ကျောင်းဆိုပြီး လေးကျောင်းရှိပါကြောင်း၊ ဆဂါပါကျေးရွာမှ ဆဒုံးမြို့ကိုသွားသည့် လမ်းသည် အမှန်တကယ် သွားလာရခက်ခဲသော လမ်းဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာတွင်ရှိသည့် လူဦးရေအားလုံး၊ အိမ်ခြေအားလုံးက ခန့်မှန်းခြေအိမ်ခြေ ၆၀၀ ကျော်ရှိပြီး လူဦးရေက ၃၀၀၀ ကျော် ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စအဝဝများကို ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့ကို လာသည့်အခါ ၎င်းလမ်းများကို ဖြတ်သန်းရသဖြင့် ကျန်းမာရေးအရ ပြည်သူများ အင်မတန် ဒုက္ခရောက်ရပါကြောင်း၊ ဆေးရုံကိုမရောက်ခင် လမ်းခုလတ်တွင် မမျှော်မှန်းနိုင်သည့် ကိစ္စများ ကြုံတွေ့ရပါကြောင်း၊ ထို့ကြောင့် ကျေးလက်တောင်ပေါ်နေ ပြည်သူများအနေဖြင့် အမှန်တကယ် အဆိုပါလမ်းကို ကွန်ကရစ်လမ်း သို့မဟုတ် ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ဝိုင်းမော်မြို့နယ် အတွင်းရှိ ဆဒုံးမြို့မှဆဂါပါကျေးရွာသို့ ဆက်သွယ်ထားသော မြေသားလမ်းအား ကတ္တရာလမ်းခင်း သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။