(ဆ)-ပေါက်တောမြို့နယ်၊ အလယ်ဖရုံကာကျွန်း မြင့်ဂါ-ဖားဒူကားလမ်းပေါ် ငရုတ်ချောင်းကျေးရွာအနီးရှိ ချောင်းကိုဖြတ်၍ သံကူကွန်ကရစ်တံတားတစ်စင်းဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2020-12-28

မေးခွန်း၏ ရည်ရွယ်ချက်က ဖော်ပြပါနေရာတွင် RC တံတား ခိုင်ခိုင်မာမာတစ်စင်း ရရှိရန် နောက်တစ်ချက်က ပြည်ထောင်စု၊ ပြည်နယ်အစိုးရရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်၍ဆိုသည့် အခြေအနေက စိတ်မချရသဖြင့် ပြည်ထောင်စုရန်ပုံငွေ ထဲကပေးပါဆိုသည့် အချက်ကို ကြိုတင်အစီရင်ခံထားချင်ပါကြောင်း၊ ကျိုးကြောင်းဖော်ပြချက်အနေဖြင့် အလယ်ဖရုံကာကျွန်းပေါ်ရှိ မြင့်ဂါ-ဖားဒူလမ်းကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် န.တ.လ က တာဝန်ယူဖောက်လုပ်ခဲ့ပါကြောင်း၊ နှစ်နှစ်ကျော်ကာလတွင် ပြီးစီးပြီးနောက် ၂၀၁၆-၁၇ ခုနှစ် အရောက်တွင် န.တ.လ မှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို လွှဲပါကြောင်း၊ ၎င်းမှတဖန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကို လွှဲပြောင်းပေးပါကြောင်း၊ ဆိုလိုသည်မှာ လေးနှစ်တာ ကာလအတွင်း ဌာနသုံးခုပြောင်း သွားသော်လည်း မိမိတို့လမ်းသည် ကောင်းကောင်းမွန်မွန် မဖြစ်ခဲ့ပါကြောင်း၊ လမ်းအခြေအနေနှင့် ပတ်သက်၍ တံတားဆောက်လုပ်ရန်ကျန်နေသည့် နေရာများမှာ လမ်းပိုင်းက ၅ မိုင်လောက်ကျန်နေသော်လည်း အလယ်တွင်ပြတ်တောက် နေသည့်အတွက် သွားရေးလာရေးခက်ခဲ နေခြင်းဖြစ်ပါကြောင်း၊ ဆက်လက်တင်ပြလိုသည်မှာ ရေပြွန်/ရေထွက်များ အများကြီးရှိသော်လည်း ၎င်းတံတားက မလုပ်ခဲ့သည့်အတွက် ထူးထူးခြားခြား ကျန်နေပါကြောင်း၊ ဌာနသုံးခုကလည်း လုပ်ပေးခြင်းမရှိသည့်အတွက် ယခုထိအောင် တံတားအပြင်ဘက်တွင်ရှိသည့် ရွာသုံးရွာခန့်သည် အဆက်အသွယ်ပြတ်ပြီး ကျန်နေဆဲဖြစ်ပါကြောင်း၊ ငရုတ်ချောင်း ချောင်းသည် တောင်ကျချောင်းဖြစ်ခြင်းကတစ်ကြောင်း၊ မိုးတွင်းကာလပင်လယ်လှိုင်း ဝင်ရောက်ခြင်းက တစ်ကြောင်းကြောင့် ဖြတ်သန်းသွားလာရသည်မှာ အလွန်အန္တရာယ်များပါကြောင်း၊ ထို့ကြောင့် လူထုအနေဖြင့် အဆိုပါလမ်းကို ပီပီပြင်ပြင် ဆောင်ရွက်ပေးရန် မကြာခဏ တင်ပြ တောင်းဆိုခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နီးလျက်နှင့်ဝေးနေသော ရွာသုံးရွာနှင့် ကျွန်းသူ/ကျွန်းသားများအတွက် ပင်လယ်ထွက်ပေါက် ရရှိစေရန်အလို့ငှာ ပေ ၁၀၀ အကျယ်ရှိ ငရုတ်ချောင်း ချောင်းကိုဖြတ်၍ သံကူကွန်ကရစ်တံတားတစ်စင်း ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။