(ဂ)-လားရှိုးမြို့ မြို့တွင်းလမ်းတိုးချဲ့ပေးစေလိုမှု၏ ဆက်စပ်မေးခွန်းဖြေကြားချက်နှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မှုအပေါ် သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅-၈-၂၀၁၆ ရက်နေ့တွင် မိမိမဲဆန္ဒနယ် လားရှိုး၏ မြို့တွင်းလမ်းများ တိုးချဲ့ပြုပြင်ပေးရန် ကြယ်ပွင့်ပြမေးခွန်း မေးမြန်း ခဲ့ပါကြောင်း၊ မေးခွန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရ၏ ဖြေကြားချက်နှင့်ပေါင်းစပ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယခင်ပြည်ထောင်စုဝန်ကြီးမှ လာရောက်ဖြေကြား ပေးခဲ့ပါကြောင်း၊ ဆက်စပ်မေးခွန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရ၏ ဖြေကြားချက်ကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရုံးစာဖြင့် ပြန်လည်ဖြေကြား ပေးပို့လာပါကြောင်း၊ ဖြေကြားချက်ကို အနည်းငယ် တင်ပြရမည်ဆိုလျှင် မြို့တွင်းလမ်းပိုင်းဖြစ်သည့် မြို့တော်ခန်းမ အဝိုင်းလမ်းဆုံမှ အေတီတံတားအထိ လမ်းပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဌာန စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် လမ်းပိုင်းဖြစ်ပြီး Oriental Highway Company ကို B.O.T စနစ်နှင့် ချပေးထားသော လမ်းဖြစ်ပါကြောင်း၊ ယင်းကုမ္ပဏီအနေနှင့် လားရှိုးမြို့ရှောင်လမ်း ဖောက်လုပ်ပေးထားခဲ့ရသည့်အတွက် ၂၀၁၆-၁၇ ခုနှစ်အတွင်း မြို့တွင်းလမ်းကို တိုးချဲ့ဆောင်ရွက်ရန် အစီအစဉ်မရှိပါကြောင်း ရုံးစာဖြင့်ပြန်ကြားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဖော်ပြပါ လမ်းပိုင်းသည် မြို့လယ်ကောင် လမ်းမကြီးဖြစ်နေခြင်း၊ လမ်းတစ်လျှောက် အိမ်၊ ဆိုင်များနှင့် ပြည့်နှက်နေခြင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်း ရှိနေခြင်း၊ ဘုရားများ၊ ကျောင်းများနှင့်ကပ်လျက် ဖြတ်သန်းသွားလာရသည့် လမ်းဖြစ်နေခြင်းတို့ကြောင့် လားရှိုးမြို့၏ အရှုပ်ထွေးဆုံး လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊
သမိုင်းဝင်မာန်စူဘုရားကြီး၊ မာန်စူဈေးလည်းရှိပြီး လမ်းတစ်လျှောက်တွင် အိမ်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ကားဂိတ်၊ ထမင်းဆိုင်၊ စတိုးဆိုင်စသည်တို့ဖြင့် အမြောက်အမြား ရှိပါကြောင်း၊ ထို့ကြောင့် မော်တော်ယာဉ်များနှင့် အမြဲရှုပ်ထွေးသော လမ်းဖြစ်ပါကြောင်း၊ ယာဉ်ကြောပိတ်ဆို့နေမှုများ ရှိပါကြောင်း၊
ဤမေးခွန်းကို မေးခဲ့သည်မှာ ယနေ့ဆိုလျှင် နှစ်နှစ်ခွဲတိတိကြာခဲ့ပြီ ဖြစ်ပါကြောင်း၊ B.O.T ကုမ္ပဏီအနေနှင့် ၂၀၁၆-၁၇ ခုနှစ်အတွင်း အစီအစဉ်မရှိသေးပါဟု ဖြေထားပါကြောင်း၊ သို့သော်လည်း ရှေ့ကာလများတွင် ဆက်လက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို ပြည်သူများကလည်း သိရှိလိုကြပါကြောင်း၊ Oriental Highway Company အနေနှင့် မြို့ရှောင်လမ်း ဖောက်လုပ်ထားရ၍ ဤမြို့တွင်းလမ်းကို တော်ရုံတန်ရုံနှင့် မပြုပြင်နိုင်လျှင်လည်း လမ်းပိုင်းကို ပြည်ထောင်စုအစိုးရ အနေနှင့်သော်လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအနေနှင့် သော်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် (၁) ဖော်ပြပါလမ်းပိုင်းကို ပြည်ထောင်စုဝန်ကြီးဌာန သို့တည်းမဟုတ် ရှမ်းပြည်နယ် အစိုးရတို့က Oriental Highway Company ထံမှ ပြန်လည်လွှဲပြောင်း ရယူပြီး တိုးချဲ့ပြုပြင် ပေးသွားရန် အစီအစဉ်ရှိပါသလား၊ (၂) အစီအစဉ်မရှိပါက ယာဉ်အသွားအလာ အဆင်ပြေစေရန် တစ်ခြားမည်သို့သော အစီအမံများဖြင့် ဆောင်ရွက်ပေးနိုင်ပါမည်၊ (၃) အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ထို့သို့ဆောင်ရွက်ရာတွင် လမ်းလယ်ကောင်ပိုင်းသို့ ရောက်ရှိလာတတ်သည့် ဓာတ်မီးတိုင်နှင့် တယ်လီဖုန်းတိုင်များ၊ ပလက်ဖောင်းနှင့် ရေမြောင်းများ စသည်တို့နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် တစ်ပြိုင်တည်း ညှိနှိုင်းပြောင်းရွှေ့ပေးနိုင်မည့် အစီအစဉ်ကိုပါ သိရှိလိုကြောင်း မေးမြန်းပါသည်။