(ခ)-သန္တိသုခဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးနှင့် ကျောင်းအတွင်းရှိ အများပြည်သူ လှူဒါန်းသမှု အစုစုတို့ကို အမှုကိစ္စမပြီးပြတ်ခင် ကာလအတွင်း မည်သည့်အဖွဲ့အစည်းမှ တာဝန်ယူ၍ မည်ကဲ့သို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပိုင်ဆိုင်မှုကိစ္စဖြင့် တရားရင်ဆိုင်ချိပ်ပိတ်ခံထားရသော သန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးနှင့် ကျောင်းအတွင်းရှိ အများပြည်သူ လှူဒါန်းသမှု အစုစုတို့ကို အမှုကိစ္စမပြီးပြတ်ခင်ကာလအတွင်း ရန်သူမျိုးငါးပါးအန္တရာယ်မှ ကင်းဝေးစေရန် မည်သည့်အဖွဲ့အစည်းမှ တာဝန်ယူ၍ မည်ကဲ့သို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျောင်းတော်ကြီးသည် ကမ္ဘာ့ဗုဒ္ဓသာသနာပြု Center အဖြစ် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓသာသနာပြု ပီနံဆရာတော်ကြီးမှ ဦးဆောင်၍ တပည့်ဒါယိကာ၊ ဒါယိကာမများ လှူဒါန်းမှုအစုစုနှင့် တည်ထောင်တော်မူခဲ့သော စင်္ကာပူနိုင်ငံ၏ လက်ရာများ၊ မြန်မာ၏ ဗိသုကာအနုပညာများ ထုံမွမ်းထားသည့် အင်မတန် အံ့မခန်းကျောင်းတော်ကြီး ဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းတော်ကြီးသည် အင်မတန်ခန့်ညားသော သာသနိကအဆောက် အဦကြီးဖြစ်ပြီး ၁၁ ထပ်ရှိပါကြောင်း၊ အပေါ်ဆုံးဆူးလေမော် ကျွန်းများနှင့်အထက်တွင် ဗုဒ္ဓသာသနာတော်၏ အမြင့်မြတ်ဆုံးသော သိမ်ကျောင်းတော်ကြီး၊ Library များနှင့် ရဟန်းသံဃာတော်များ နေထိုင် သတင်းသုံးရာ အထပ်များလည်း ရှိပါကြောင်း၊ အောက်ထပ်တွင် နှစ်ဖျာသော လောကီလောကုတ် တရာအကျိုးကို သယ်ပိုးနိုင်မည့် ခန်းမဆောင်ကြီးတွင် လူ ၄၀၀ ကျော်၊ ၅၀၀ ကျော်ခန့် ဆန့်သည့် အဆောင်ကြီးရှိပါကြောင်း၊ ၎င်းကျောင်းတော်ကြီးကို ၁၀-၆-၂၀၁၄ ရက်နေ့တွင် သက်ဆိုင်ရာများ၏ ချိပ်ပိတ်ခြင်းခံခဲ့ရပြီး လုံခြုံရေးအစောင့်အကြပ်များ ထားရှိခဲ့ပါသော်လည်း ၂-၃-၂၀၁၈ ရက်နေ့ နေ့လယ် ၁၁ နာရီမှစပြီး လုံခြုံရေးအစောင့် အရှောက်များကို ရုပ်သိမ်းခဲ့ပါကြောင်း၊
ယခုကဲ့သို့ ရုပ်သိမ်းခဲ့သည့်အချိန်မှစပြီး ခုနှစ်လကျော်ခန့်အကြာတွင် ကျောင်းတော်ကြီး၏ ပျက်စီးယိုယွင်းနေမှုများမှာ အဲကွန်းများ ပျက်စီးနေခြင်း၊ ကျောင်းတော်ကြီးထဲတွင် ဖောက်ထွင်း ခိုးယူထားသည့် ကေဗယ်ကြိုးများသာမက မီးစက်ကြီးများနှင့် တံခါးများ ဖျက်စီးထားသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ယခုဆိုလျှင် ပီနံဆရာတော်ကြီး ပျံလွန်တော်မူသွားသည်မှာ တစ်နှစ် ကျော်ကြာခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုထက်တိုင်အောင် ပတ်ဝန်းကျင်တွင် နေထိုင်ကြသော ဒါယိကာ၊ ဒါယိကာမများနှင့် သုံးထပ်ကျောင်းဆရာတော် ရှင်ပညေနအပါအဝင် ဆရာတော်၊ သံဃာတော်များက ၎င်းကီစ္စကို ရတက်မအေးဖြစ်နေကြပြီး ကျောင်းတော်ကြီးကို တံခါးမရှိ၊ ဓားမရှိ ဝင်ရောက်ဖျက်စီး ခိုးယူနေကြသည့် အန္တရာယ်သည် အင်မတန်ကြီးမားလာခြင်းကို စိတ်နှလုံးမချမ်းမွေ့ဖွယ်ရာ တွေ့မြင်နေကြရပါကြောင်း၊ ထို့ကြောင့် လှူဒါန်းမူအစုစုကို သဲထဲရေသွန်သကဲ့သို့ အလဟဿဒ် ဖြစ်မည်ကို ဒါယိကာ၊ ဒါယိကာမများနှင့် သံဃာတော်များ စိုးရိမ်ကြသည့်အတွက် အဆိုပါ ကျောင်းတော်ကြီးကို မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်ပြီး မည်သည့်အဖွဲ့အစည်းက ထိန်းသိမ်းမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။