(ဂ)-ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသော အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြဆရာဆရာမများ၏ လစဉ်ထောက်ပံ့ကြေးငွေကို တိုးပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ပုဂံခေတ် အနော်ရထာမင်း လက်ထက်မှစပြီး ဆရာတော်၊ သံဃာတော်များက ဦးဆောင်ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓ၏အဆုံးအမများ မြန်မာစာနှင့် တွက်ချက်မှု ပိုင်းဆိုင်ရာ အခြေခံများကို သင်ကြားပေးခဲ့ပါကြောင်း၊
ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကို ဆရာတော်၊ သံဃာတော်များအဆင့်ဆင့်လွှဲပြောင်း ဖွင့်လှစ်ခဲ့သည့်အပြင် မျက်မှောက်ခေတ်တွင် မူလတန်း၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်း၊ တွဲဖက်အထက်တန်းကျောင်းအဖြစ် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဘုန်းတော်ကြီးများနှင့် နွမ်းပါးသော တိုင်းရင်းသားပြည်သူများ၏ တောင်းဆိုမှုကြောင့် ယခင်က ပိတ်ထားရသည့် ကျောင်းများကို ၁၉၈၉-၉၀ ပြည့်နှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ပြန်လည်ဖွင့်လှစ်ပေး ခဲ့ပါကြောင်း၊ ယခုအခါ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း ၁၅၆၈ ကျောင်းရှိပြီး ဆရာ/မပေါင်း ၇၇၀၀ ဦးနှင့် ကျောင်းသား/သူပေါင်း သုံးသိန်းကို ပညာသင်ကြားပေးလျက် ရှိပါကြောင်း၊
မိမိ၏ မဲဆန္ဒနယ်မြေဖြစ်သည့် မြင်းခြံမြို့နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အားလုံးပေါင်း ၃၀ ရှိပြီး ကျောင်းသား/သူများကို ပညာတင်မကဘဲ ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် ကွန်ပျူတာ သင်တန်းများ၊ စာစီစာရိုက်သင်တန်းများ နောက်ပြီး ကွန်ပျူတာကိုပြင်သည့် ပညာများကစပြီး သင်ပေးခဲ့ပါကြောင်း၊ အားကစားနှင့်ပတ်သက်လျှင်လည်း မြို့နယ်ပရဟိတအဖွဲ့များ၏ အကူအညီဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကလေးများကို Tennis ကစားနည်းသင်ပေးခဲ့ပါကြောင်း၊ Tennis ကစားနည်းသင်ပေးသည့် အတွက်ကြောင့် ကလေးများက ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတွင် ကျင်းပသည့် Tennis အားကစား ပြိုင်ပွဲတွင်လည်း ဆုအသီးသီးရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊
ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ဆင်းရဲနွမ်းပါးပြီး ပညာသင်ယူရန် အခက်အခဲရှိသည့် ကလေးများ၏ ပညာရေးကိုရှေးရှုပြီး ပရဟိတစိတ်ထက်သန်သော ဆရာတော်များမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို တည်ထောင်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ဆရာ/မများ၏ မေတ္တာ၊ စေတနာကို ကျေးဇူးတုံ့ပြန်ခြင်းအနေဖြင့် နိုင်ငံတော်မှ ၂၀၁၃-၁၄ ပညာသင်နှစ်မှစ၍ လစဉ်ထောက်ပံ့ခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ဆရာ/မ ၈၂၅၀ ဦးအတွက် ကျပ် ၃.၁၁ ဘီလီယံ ထောက်ပံ့မှုပေးခဲ့ပါကြောင်း၊ မူလတန်းပြဆရာတစ်ဦးကို ၃၆၀၀၀ နှုန်း၊ အလယ်တန်းပြ တစ်ဦး ကို ၄၁၀၀၀ နှုန်း၊ အထက်တန်းပြဆရာ တစ်ဦးကို ၄၅၀၀၀ နှုန်းဖြင့် ထောက်ပံ့လျက် ရှိပါကြောင်း၊
သို့သော် ယနေ့ခေတ်အခြေအနေအရလည်းကောင်း မူလတန်းပြဆရာ တစ်ယောက်၏ သတ်မှတ်ထားသည့် လစာနှုန်းနှင့်ဆိုလျှင် အင်မတန်မှကွာခြားနေမည် ဖြစ်ပါကြောင်း၊ ၎င်းထောက်ပံ့ငွေများသည် ယနေ့အခြေအနေနှင့်ဆိုလျှင် အင်မတန်မှ နည်းပါးနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အချို့ဆရာမများဆိုလျှင် နေ့မှာစာသင်ပြီး မိမိတို့မြင်းခြံတွင် ဆေးလိပ်လုပ်ငန်းများ ရှိသည့်အတွက်ကြောင့် ညမှာဆေးလိပ်လုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆရာ/မများ၏ အခက်အခဲပြဿနာများကို ရင်ဆိုင်နေရသည့်အတွက် အဆင့်ဆင့်သော ဆရာ/မများ၊ ထက်/လယ်/မူတွင် တာဝန်ကျနေသော ဆရာ/မများ၏ ထောက်ပံ့ကြေးငွေကို မည်မျှထိတိုးပေးမည်၊ မည်သည့်လ/မည်သည့်ပညာ သင်နှစ်မှစ၍ ထောက်ပံ့မှုတိုး၍ ပေးနိုင်/မပေးနိုင်၊ တိုးပေးမည်ဆိုလျှင်လည်း မည်သည့်အတိုင်းအတာထိ ပေးမည်နည်းနှင့် အကယ်၍ တိုးမပေးနိုင်ပါကလည်း မည်သည့်အတွက်ကြောင့် တိုးပေးနိုင်ခြင်း မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။