(စ)-ရပ်ကွက် သို့မဟုတ် ကျေးရွာများတွင် လစဉ်ချီးမြှင်‌့ ထောက်ပံ့ငွေများကို အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ ရရှိခံစားခြင်းမရှိဘဲ နစ်နာရသည်ကို မည်သို့စီစဉ်ဆောင်ရွက် ပေးနိုင်မည်နှင်‌့ စပ်လျဉ်းသည့် မေးခွန်း

2020-12-28

 

ရပ်ကွက် သို့မဟုတ် ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် အုပ်ချုပ်ရေးမှူးနေရာများ  လစ်လပ်သွား၍ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးခန့်အပ်ရန်ခံရသူများမှာ လစဉ်ချီးမြှင်‌့ ထောက်ပံ့ငွေများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များအရ ရရှိခံစားခြင်းမရှိဘဲ နစ်နာရသည်ကို မည်သို့စီစဉ်ဆောင်ရွက်ပေးနိုင်မည်နှင်‌့ စပ်လျဉ်းသည့် မေးခွန်း

ရပ်ကွက်နှင့်ကျေးရွာအုပ်စု ဥပဒေအခန်း (၈) ပုဒ်မ ၁၆ ပုဒ်မခွဲ (ဂ) အရ ဥပဒေပါ အကြောင်း တစ်ရပ်ရပ်ကြောင့် ရပ်/ကျေးအုပ်စုတွင် အုပ်ချုပ်ရေးမှူးနေရာ လစ်လပ်သွားလျှင် မြို့နယ်အုပ်ချုပ်ရေး မှူးအနေဖြင့် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် ဒုတိယမဲအများဆုံးရရှိသည့် ရာအိမ်မှူးကို ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးခန့်အပ်ရမည် ဖြစ်ပါကြောင်း၊ အကယ်၍ အဆိုပါ ရာအိမ်မှူးက ယာယီအုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်နိုင်မှုမရှိလျှင် သင့်တော်သည့် ကျေးရွာအုပ်စု၊ သင့်တော်သည့် ကျေးရွာတာဝန်ခံ ဒါမှမဟုတ် ရာအိမ်မှူးတစ်ဦးကို ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေး ခန့်အပ်ရမည် ဖြစ်ပါကြောင်း၊

ယခုလို လစ်လပ်သွားသော အုပ်ချုပ်ရေးမှူးနေရာများအတွက် ရက်ပေါင်း ၃၀ အတွင်း ဥပဒေနှင့်အညီ အစားထိုးခန့်အပ် တာဝန်ပေးရမည်ဟု ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးဥပဒေအခန်း (၈) ပုဒ်မ ၁၆ ပုဒ်မခွဲ (က) နှင်‌့ နည်းဥပဒေအခန်း (၅) ပုဒ်မ ၃၁ ပုဒ်မခွဲ (က) တို့တွင် ပြဋ္ဌာန်းထားရှိပါသော်လည်း အချို့သော ရပ်/ကျေးအုပ်စုများတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ခြင်းကို ရက်ပေါင်း ၃၀ အတွင်း မဆောင်ရွက်နိုင်ကြဘဲ လနှင့်ချီပြီးကြာနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုလိုနေရာမျိုးတွင် ယာယီ အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးမှူးအစားထိုး ခန့်အပ်ခြင်းများ မပြီးဆုံးသည်အထိ ယာယီအုပ်ချုပ်ရေးမှူး တာဝန်များကို ထမ်းဆောင်နေကြရသည်ကို တွေ့ရှိရပါကြောင်း၊

ယခုလို အချိန်ပေးတာဝန် ထမ်း‌ဆောင်နေကြရသော်လည်း ယာယီအုပ်ချုပ်ရေးမှူးများသည် လစဉ်ချီးမြှင့် ထောက်ပံ့ငွေများကို ခံစားရရှိခြင်း မရှိရကြောင်းနှင့် ယခုလိုဖြစ်ရခြင်းကလည်း ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေအခန်း (၁၂) ပုဒ်မ ၂၈ နှင်‌့ နည်းဥပဒေအခန်း (၈) ပုဒ်မ ၃၆ ပုဒ်မခွဲ (က) များအရဆိုလျှင် အဆိုပါ ချီးမြှင့်ထောင်ပံ့ငွေများသည် အုပ်ချုပ်ရေးမှူးများ အတွက်သာ ဖြစ်သည့်အတွက် သူတို့မရရှိကြပါကြောင်း၊ ၎င်းတို့မှာ များစွာ နစ်နာနေကြရသည်ကို တွေ့မြင်သိရှိ ရပါကြောင်း၊

သို့ဖြစ်ပါ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေရာများတွင် ယာယီအုပ်ချုပ် ရေးမှူးအဖြစ် တာဝန်ပေးခန့်အပ်ခံရသူများမှာ လစဉ်ချီးမြှင့်ထောက်ပံ့ငွေများကို ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ၊ နည်းဥပဒေများအရ ရရှိခံစားရခြင်းမရှိဘဲ နစ်နာနေကြရသည်ကို မည်သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။