(င)-သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အုပ်စုအားနမ့်လန်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး ကြိုးစားဆောင်ရွက် နေကြပါသော်လည်း မည်သည့်အခက်အခဲများကြောင့် ကြန့်ကြာနေရပါသနည်း၊ မည်သည့်ကာလတွင် နမ့်လန်မြို့အဖြစ် သတ်မှတ်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အုပ်စုအားနမ့်လန်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေး ကိစ္စနှင့်ပတ်သက်၍ ကြိုးစားဆောင်ရွက် နေကြပါသော်လည်း မည်သည့်အခက်အခဲများကြောင့် ကြန့်ကြာနေရပါသနည်း၊ မည်သည့်ကာလတွင် နမ့်လန်မြို့အဖြစ် သတ်မှတ်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ရှမ်းပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၂၈-၁၂-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁/၁-၂(၄၇၇)/ဦး ၁ (အထဥ) ဆိုသည့် အမှုတွဲစာကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်အောင်၏ လက်မှတ်ဖြင့် နေပြည်တော် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းအမှုတွဲတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာနှင့် အတူ ရှမ်းပြည်နယ်အစိုးရ၏ အစည်းအဝေးမှတ်တမ်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူ ထောက်ခံချက်၊ မူလသီပေါမြို့နယ် မြေပုံပြုပြင်ဖွဲ့စည်းမည့် သီပေါမြို့နယ်မြေပုံ၊ မူလနမ့်လန်ကျေးရွာ အုပ်စုမြေပုံ၊ ပြုပြင်ဖွဲ့စည်းပြီး ကိုစန့်ကျေးရွာအုပ်စုမြေပုံဖြင့် ပြုပြင်ဖွဲ့စည်းပြီး နမ့်လန်မြို့မြေပုံတို့ ပူးတွဲပါရှိပြီး ဖြစ်ပါကြောင်း၊

ဒေသခံပြည်သူများ တောင်းဆိုနေကြသည့် နမ့်လန်မြို့တိုးချဲ့ ဖွဲ့စည်းနိုင်ရေးကို နမ့်လန်ကျေးရွာ အုပ်စုအပြင် ကိုစန့်ကျေးရွာအုပ်စုကို ပေါင်းစည်းပြီး နမ့်လန်မြို့အဖြစ်တောင်းဆိုကြခြင်း ဖြစ်ပါကြောင်း၊ သီပေါမြို့၏ တောင်ဘက် ၂၈ မိုင်ခန့် ကွာဝေးပါကြောင်း၊ ဒေသထွက်ကုန် အများအပြားထွက်သည့် ဒေသလည်းဖြစ်ပါကြောင်း၊ နမ့်လန်-လားရှိုး၊ နမ့်လန်-မူဆယ်၊ နမ့်လန်-မန္တလေး၊ နမ့်လန်-သီပေါ၊ နမ့်လန်-ကျောက်မဲစသည့် ယာဉ်ကြီးယာဉ်ငယ် မော်တော်ယာဉ်လိုင်းများရှိပြီး နောင်များမကြာမီ နမ့်လန်-ကျောက်ဂူ-ရပ်စောက်ကားလမ်းကလည်း ရာသီမရွေးသွားလာနိုင်သည့် အဆင့်အထိ ပြီးစီးခဲ့မည်ဆိုလျှင် နမ့်လန်-တောင်ကြီး မော်တော်ယာဉ် လိုင်းများလည်း ပြေးဆွဲလာနိုင်မည့် အခြေအနေရှိပါကြောင်း၊ နမ့်လန်ကျေးရွာအုပ်စုက အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်ရှိပြီး လူဦးရေ အားဖြင့် ၂၀၀၀၀ ခန့်ရှိပါကြောင်း၊ နမ့်လန်ကျေးရွာအုပ်စု၏ အနီးပတ်ဝန်းကျင်က ကျေးရွာအုပ်စုများ၏ အခြေအနေများကိုပါ ထည့်တွက်လျှင် အိမ်ထောင်စုပေါင်း ၇၀၀၀ ခန့်နှင့် လူဦးရေ ၃၀၀၀၀ ခန့် ထပ်မံပိုမိုလာမည် ဖြစ်ပါကြောင်း၊ နမ့်လန်သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ (တောင်ပိုင်း)၊ (အလယ်ပိုင်း) များကို အလွယ်တကူဆက်သွယ် သွားလာနိုင်သည့် အနေအထား ရှိပါကြောင်း၊

လုပ်ထုံးလုပ်နည်းများအရ တင်ပြထားပြီး ဖြစ်သော်လည်း မြို့အဖြစ် ပြုပြင်ဖွဲ့စည်း ရာတွင်ပါဝင်သည့် လယ်မြေများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အခြားနည်းသုံးစွဲနိုင်ရန် တင်ပြရာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (ခ)၊ နည်းဥပဒေ ၈၉ အရ ပြည်နယ်အစိုးရအဖွဲ့၏ လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်ရရှိရန် လိုအပ်ခြင်း၊ ၂၀၁၂ ခုနှစ်၊ မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၈၊ နည်းဥပဒေ ၁၇ အရ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်ရယူရန် လိုအပ်ခြင်းများကြောင့် ပြန်လည်စိစစ်ပြီး ဆောင်ရွက်နိုင်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှ ၂၈-၆-၂၀၁၆ ရက်နေ့တွင် အခြားနည်း အသုံးပြုခွင့်ရရှိ‌အောင် တင်ပြရန် ညွှန်ကြားခဲ့ပါကြောင်း၊ ညွှန်ကြားချက်အရ ဆက်လက် ဆောင်ရွက်ရာတွင် လယ်ယာမြေ ၅၇၄.၅၅ ဧကအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ (တောင်ကြီးမြို့) ကနေပြီး ၅-၇-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၇၅၅၉/၆-၆၃၃/အစရ (ရှမ်း) ဖြင့် အခြားနည်းအသုံးပြုခွင့် ပေးပြီးလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် တောရိုင်းမြေ ၁၁၁.၃၅ ဧကကို နမ့်လန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်လှိုင်မှ ၂၄-၇-၂၀၁၆ ရက်စွဲဖြင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံ လျှောက်ထားခဲ့ပြီး ယခုလိုလျှောက်ထား ခဲ့သည့်အပေါ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး (သီပေါမြို့) ၏ ၆-၁-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၀၀၅/မအ-၆(၂၀၁၇) ဖြင့်  ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ထံ တင်ပြခဲ့ရာ ခရိုင်ဌာနမှလည်း ၂၄-၂-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၂၁၁/မအ-၄ ဖြင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနထံ ပေးပို့ထားပြီး တောရိုင်းမြေ ၁၁၁.၃၅ ဧကဟာ မြေလွတ်၊ မြေရိုင်းကော်မတီအနေနှင့် ခွင့်ပြုမိန့် ထုတ်ပေးရန် ကျန်ရှိနေသည်ကို သိရပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ နမ့်လန်ကျေးရွာအုပ်စုကို နမ့်လန်မြို့အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေးကိစ္စနှင့် ပတ်သက်ပြီး နမ့်လန်ဒေသခံများက အထက်ဖော်ပြပါအတိုင်း ကြိုးပမ်းဆောင်ရွက် နေကြသော်လည်း မည်သို့သော အခက်အခဲများကြောင့် ကြန့်ကြနေရပါသနည်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မည်သည့်ကာလတွင် နမ့်လန်မြို့အဖြစ်ကို မည်သို့/မည်ပုံ သတ်မှတ်ပေးနိုင်မည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။