(က)-၁၆-၁၁-၂၀၁၆ နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အရပ်ရပ် ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
၁၆-၁၁-၂၀၁၆ နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အရပ်ရပ် ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း၏ တစ်ဆက်တစ်စပ်တည်းမေးခွန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားမှုအား မည်သို့ဖြေရှင်းမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်းမေးမြန်းရသည့် အကြောင်းအရာ (၃) ချက် ရှိပါကြောင်း၊ အချက် (၁) ၁၆-၁၁-၂၀၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် အရပ်ရပ်ကုန်ဈေးနှုန်း တရိပ်ရိပ် တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသောမေးခွန်းကို မေးမြန်းခဲ့ပါကြောင်း၊ အဆိုပါ မေးခွန်းဖြေကြားရာတွင် ဖြေကြားချက်များ လိုအပ်နေသည်ဟုယူဆ၍ လည်းကောင်း၊ ထိုစဉ်က မေးခွန်းနံပါတ် (၃) ပါ စီစဉ်ဆောင်ရွက်မှုသည် ပြည်သူလူထု၏ လူမှုဘဝတွင် မည်မျှအထိ အကျိုးသက်ရောက်နိုင်သည်ဆိုသည့်မေးခွန်းကို ဖြေဆိုချက်တွင် မပါဝင်ဘူးဟုယူဆ၍ လည်းကောင်း တစ်ဆက်တစ်စပ်တည်းမေးခွန်းကို မေးမြန်းခဲ့ပါကြောင်း၊ အဆိုပါ ဖြေကြားချက်တွင် ကျယ်ကျယ် ပြန့်ပြန့် ဖြေရှင်းနိုင်ရန်အတွက် နောက်တစ်ကြိမ်တွင်ခွင့်ပြုရန် ပြောကြားခဲ့ပါကြောင်း၊ သို့ရာတွင် နှစ်နှစ် ကျော်ကြာ ယနေ့အချိန်အထိ စာဖြင့်ဖြေကြားချက်မရရှိသေးခြင်းကြောင့် ယခုကဲ့သို့ မေးမြန်းရခြင်း၊ အချက် (၂) အရပ်ရပ်ကုန်ဈေးနှုန်းများသည် တရိပ်ရိပ်ထပ်တက် နေခြင်းကြောင့် ဝင်ငွေအကန့် အသတ်ရှိသူများနှင့် ပုံမှန်ဝင်ငွေမရှိသူများဖြစ်သည့် မြန်မာပြည်သူပြည်သား အများစုအတွက် နောက်ဆက်တွဲ အကျပ်အတည်းများစွာကို ရင်ဆိုင်ကြရခြင်း၊ အချက် (၃) စီးပွားရေးရှုထောင့်အရ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့်နိုင်ငံရေးသည် ခွဲခြားမရခြင်းကြောင့် နိုင်ငံရေးတည်ငြိမ်ရန်နှင့် စီးပွားရေး တွင်လည်း တည်ငြိမ်ပြီးဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် Inflation Rate ငွေကြေးဖောင်းပွမှုနှုန်းက အမြင့်ဆုံးဖြစ်နေခြင်းကြောင့် ထိုအခြေအနေကသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် အစိုးရမှလိုအပ်သောမူဝါဒများချမှတ်ပြီး ကုန်ဈေးနှုန်းကို ထိန်းညှိဆောင်ရွက်ပေးနိုင်ရန် ဖြစ်ပါကြောင်း၊
မိမိတို့တာဝန်အရ ယခုလိုထိန်းညှိသည့် မေးခွန်းများကြောင့် အစိုးရလုပ်ဆောင်နေသော မူဝါဒနှင့် အစီအမံများကို ပြည်သူများက အချိန်နှင့်တစ်ပြေးညီသိရှိနိုင်မည် ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူ များ၏ ယုံကြည်မှုများရရှိနိုင်ပြီး နိုင်ငံ၏အသွင်ကူးပြောင်းနေသောကာလမှသည် စနစ်ကောင်း ရောက်သည်အထိ ပြည်သူနှင့်အတူ လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး အောင်မြင်နိုင်မည်လည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကုန်ဈေးနှုန်းများတက်နေခြင်းကို မည်သို့စီစဉ်ဆောင်ရွက်ပေးပါမည်နည်း နှင့် ပန်းတောင်းတွင် လူထုတွေ့ဆုံပွဲများပြုလုပ်သည့်အခါ ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူအချို့က တင်ပြခြင်းရှိသကဲ့သို့ မြန်မာပြည်သူအများစုလည်း သိလိုနေကြသဖြင့် အထက်ပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။