(ခ)-ဟင်္သာတမြို့နယ်အတွင်း ပညာရေးကောလိပ်ကျောင်းတစ်ကျောင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-28

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် မြို့နယ်ပေါင်း ခြောက်မြို့နယ် ရှိပါကြောင်း၊ အခြေခံ ပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများ စုစုပေါင်း ကျောင်းပေါင်း ၁၄၀၅ ကျောင်း ရှိပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ဟင်္သာတခရိုင်မှ ပညာရေးကောလိပ် များသို့ တက်ရောက်နေသော ပထမနှစ်တက်ဆဲ ၁၆၈ ဦး၊ ဒုတိယနှစ် တက်ဆဲ ၂၁၀ ဦး ရှိပါကြောင်း၊ ဟင်္သာတမြို့တွင် ဟင်္သာတတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စက်မှုလက်မှု အထက်တန်းကျောင်း၊ နည်းပညာတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ တစ်နိုင်ငံလုံးတွင် တစ်ကျောင်းတည်းသာရှိသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း စသည်‌့ကျောင်းများ ရှိပါကြောင်း၊ အခြားသင်တန်း ကျောင်းများ၊ တက္ကသိုလ်များရှိသော်လည်း ပညာရေးနှင့်သက်ဆိုင်သော ကောလိပ်၊ တက္ကသိုလ် မရှိပါကြောင်း၊ ခရိုင်အတွင်းတွင် ပညာရေးကောလိပ်ကို တက်ရောက်သင်ကြားလိုသော၊ စိတ်ဝင်စား ကြသူများအနေဖြင့် အခြားဝေးလံသောနေရာများကို တက်ရောက်နေကြရသည့်အတွက် ငွေကြေး ကုန်ကျမှုများသည့်အတွက် အခက်အခဲများစွာ ရှိနေပါကြောင်း၊ ကျောင်းသားများ၏ ပညာသင်စရိတ် နှင့် သွားလာရေးအခက်အခဲများကို ကြုံတွေ့နေရပါကြောင်း၊ ယနေ့ မိမိတို့နိုင်ငံတွင် ပညာရေးဝန်ထမ်း ဆရာ/မများ များစွာလိုအပ်နေသည့်အချိန် ဖြစ်ပါကြောင်း၊ နိုင်ငံ၏လိုအပ်ချက်အရ ဝန်ထမ်းများ တိုးချဲ့ခန့်ထားနိုင်ရန် လေ့ကျင့်သင်ကြားပေးသော ကျောင်းများလည်း လိုအပ်သည့်အတွက် ပညာရေး ကောလိပ်ကျောင်းတစ်ကျောင်း ဖွင်‌့လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း  မေးမြန်းပါသည်။