(ဃ)-မိုးကောင်းမြို့နယ်၊ ကြာအင်းကျေးရွာ အလယ်တန်းကျောင်း(ခွဲ)တွင် အမှန်တကယ် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်အား အနီးစပ်ဆုံး ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိုးကောင်းမြို့နယ်၊ ကြာအင်းကျေးရွာ အလယ်တန်းကျောင်း (ခွဲ) တွင် ယခုစာသင်နှစ်တွင် ကျောင်းသား/သူ အားလုံး ၃၁၅ ဦး တက်ရောက်ပညာ သင်ကြားလျက် ရှိပါကြောင်း၊ စာသင်ခန်းများ လိုအပ်ချက်အရ လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက ပင်မအဆောင်ကစာ သင်ခန်းတစ်ခန်းကို တိုးချဲ့ပြီး သင်ကြားခဲ့ရပါကြောင်း၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ တိုးတက်လာသည့်အတွက် ယာယီဆောင် တစ်ဆောင်ထပ်မံဆောက် လုပ်ခဲ့ရပါကြောင်း၊ ဖွံ့ဖြိုးမှုအားနည်းသော ကျေးရွာ ဖြစ်သည့်အတွက် စာသင်၍ဖြစ်ရုံ ကိုယ်ထူကိုယ်ထယာယီဆောင် ဆောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊
မိုးကောင်းဆိုသည့်အတိုင်း မိုးတွင်းကာလတွင် မိုးအလွန်များပြားသည့်အတွက် ကျောင်းသား/သူများ၊ ဆရာ/မများ ကျောင်းဝင်းထဲတွင်ရေကူးပြီးသွားလာနေရပါကြောင်း၊ ၎င်းကြာအင်း အလယ်တန်း ကျောင်း (ခွဲ) ကို ကြာအင်း၊ လွဲလော၊ လွဲစွန်း၊ မန်ပင်စသည့် ရွာလေးရွာက အလယ်တန်းအဆင့်သင် ကျောင်းသား/သူများ အားကိုးအားထားပြု ပညာသင်ကြားနေရပါကြောင်း၊ ကျေးရွာများ၏ ဖွံ့ဖြိုးမှု အခြေအနေအရ အကြီးမားဆုံးလိုအပ်ချက်ဖြစ်သော အဆိုပါစာသင်ဆောင် တစ်ဆောင်ကို အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်ရေးအတွက် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။