(င)-ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ရွာ အခြေခံပညာ အထက်တန်းကျောင်းအား တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-28

 

ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ရွာ အခြေခံပညာအထက်တန်းကျောင်းအား တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနအဖြစ်ဖွင့်လှစ်လိုသောကြောင့် သတ်မှတ်ထားသည့်အချက်အလက် များနှင့်ကိုက်ညီမှုရှိအောင်ဆောင်ရွက်ပြီး ၇-၉-၂၀၁၇ ရက်နေ့တွင် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးသို့ လုပ်ထုံးလုပ်နည်းအတိုင်းအဆင့်ဆင့်တင်ပြရာတွင် အကြောင်းပြချက်မရှိဘဲ နောင်နှစ်တွင်သာ ထပ်မံလျှောက်ထားရန်ညွှန်ကြားခဲ့သဖြင့် ၎င်းကျောင်းအား တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ဝါးဖြူတောင်ရွာအခြေခံ ပညာအထက်တန်းကျောင်းသည် သပိတ်ကျင်းမြို့၏ စာစစ်ဌာနနှင့် အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည့်အတွက် နှစ်စဉ်မတ်လတွင် ကျင်းပသော တက္ကသိုလ်ဝင်စာမေးပွဲကို ၁၀ မိုင်ခန့် ကွာဝေးသော သပိတ်ကျင်းစာစစ်ဌာနသို့ သွားရောက် ဖြေဆိုရာတွင် တည်းခိုရာနေရာ အခက်အခဲဖြစ်ခြင်း၊ နေထိုင်စားသောက်ရေး အဆင်မပြေခြင်း၊ ယာဉ်ငှားရမ်းခ ဈေးကြီးခြင်း၊ သာမန်မိဘများအတွက် ငွေကြေးအခက်အခဲရှိခြင်း၊ စရိတ်စက များပြားခြင်းများနှင့် ကြုံတွေ့ရလျက်ရှိပါကြောင်း၊ ဝါးဖြူတောင်ရွာ အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျောင်းသား/သူ ၉၃၆ ဦးရှိသည့်အနက် ၂၀၁၈ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသည့်ဦးရေ ၁၂၈ ဦးနှင့် ပြင်ပဖြေဆိုသူ ၁၀၀ ဦး စုစုပေါင်း ၂၂၈ ဦး ခန့်‌ဖြေဆိုခဲ့ပါကြောင်း၊ ဝါးဖြူတောင်ရွာအနီးတွင် ရဲကင်းအမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ ကျေးလက်ကျန်းမာရေး ဆေးခန်းနှင့် အမှတ် (၂၀) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀) ရှိသည့်အတွက် လုံခြုံရေးနှင့်ကျန်းမာရေး အထောက်အကူပြုနိုင်ခြင်း၊ အဆိုပါကျောင်းသည် ဗဟိုစာစစ်ဌာနနှင့် ၁၀ မိုင် ခန့်ကွာဝေးခြင်း၊ ကျောင်းတွင်စာ‌ဖြေခန်း ၃၀ ဦးဆံ့ ၁၈ ခန်းနှင့် ထိုင်ခုံ၊ စားပွဲ အလုံအလောက်ရှိခြင်းနှင့် ဆရာ/မ အလုံအလောက်ရှိခြင်းတို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ရန် ပညာရေးဝန်ကြီး ဌာနမှ သတ်မှတ်ထားသော စံနှုန်းများနှင့်လည်း ကိုက်ညီလျက် ရှိပါကြောင်း၊

ယခင်ကလည်း စာစစ်ဌာနအဖြစ် အဋ္ဌမတန်းနှင့် စတုတ္ထတန်းစာမေးပွဲများကို ၂၀၁၅ ခုနှစ်မှစပြီး အသုံးပြုခဲ့ပြီး မေးခွန်းနှင့်အဖြေလွှာများကို လုံလောက်သောလုံခြုံရေး အစောင့်အရှောက်များဖြင့် သွားရောက် ထုတ်ပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုကဲ့သို့သော အချက်အလက်များနှင့် ပြည့်စုံနေသည့်အတွက် အခြေခံပညာအထက်တန်းကျောင်း (ဝါးဖြူတောင်) ကို တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်ပေးရန် လိုအပ်သော ထောက်ခံချက်များအား အစီရင်ခံစာပြုစုပြီး မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံးတို့မှတစ်ဆင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးသို့ တင်ပြခဲ့ရာ တာဝန်ရှိသူအဆင့်ဆင့်မှ ကွင်းဆင်းလာရောက် စစ်ဆေးခဲ့သော်လည်း စာစစ်ဌာနအသစ် ဖွင့်လှစ်ခွင့်တင်ပြ တောင်းခံထားသော အမှုတွဲအား မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် သက်ဆိုင်ရာဌာနများသို့ ဆက်လက်တင်ပြခြင်း မရှိသည့်အတွက် ကျောင်း၏မိဘဆရာ အလုပ်အမှုဆောင်အဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့မှ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (ပညာ) နှင့် ၂၅-၁၀-၂၀၁၇ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ထပ်မံတွေ့ဆုံရာတွင် တင်ပြထားသောအမှုတွဲနှင့် ပတ်သက်ပြီး မည်သို့မှ လမ်းညွှန်ခြင်းမပြုဘဲ လာမည်‌့ပညာသင်နှစ်တွင်သာ ထပ်မံလျှောက်ထားရန် ပြောဆိုခဲ့ပါကြောင်း၊

ထို့ကြောင့် စာစစ်ဌာနအသစ် ဖွင့်လှစ်ခွင့် ပြုနိုင်ရေးအတွက် ၂-၈-၂၀၁၈ ရက်နေ့တွင် မြို့နယ်ပညာ ရေးမှူးရုံးသို့ ထပ်မံတင်ပြခဲ့ရာ မြို့နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့တွင် အဆင့်ဆင့်ကွင်းဆင်း စစ်ဆေးပြီး ခွင့်ပြုသင့်ကြောင်း ထောက်ခံခဲ့ပါကြောင်း၊ ထို့အပြင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှလည်း အခြေခံပညာအထက်တန်းကျောင်း (ဝါးဖြူတောင်) ကို စာစစ်ဌာနအသစ် ဖွင့်လှစ်နိုင်ရေး ခွင့်ပြုထောက်ခံထားခဲ့ပါသော်လည်း မန္တလေး တိုင်းဒေသကြီး ပညာရေးမှူးရုံးတွင် ညွှန်ကြားရေးမှူးချုပ် အခြေခံပညာဦးစီးဌာန (နေပြည်တော်) သို့ ဆက်လက်တင်ပြ ထားခြင်းရှိ/မရှိအား မသိရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ အခြေခံပညာအထက်တန်းကျောင်း (ဝါးဖြူတောင်) ကို တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန အသစ် ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ အခက်အခဲများအားရှေးရှု၍ အခြေခံပညာ အထက်တန်းကျောင်း (ဝါးဖြူတောင်) ၏ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် ဖွင့်လှစ်နိုင်ရေးအား ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကလည်း မည်သည့်နှစ်တွင် ဆောင်ရွက်ပေးမည်၊ မရှိပါကလည်း မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကို ပြန်လည်ဖြေကြား ပေးပါရန် မေးမြန်းအပ်ပါသည်။