(ခ)-ခူး(သက္ကပြင်)ကျေးရွာအုပ်စု၊ အဘေကျေးရွာတွင် TMP ကုမ္ပဏီမှ မြေလွတ်၊ မြေရိုင်းအဖြစ်လုပ်ကိုင်သည်‌့ပုစွန်မွေးမြူရေးကို ဥပဒေနှင့်အညီလုပ်ကိုင်ခဲ့ခြင်းရှိ/မရှိ၊EIA, SIA တိုင်းတာတွက်ချက်ခဲ့မှုမရှိလျှင် မည်သို့အရေးယူမည်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

တောင်ကုတ်မြို့နယ်၊ ခူး(သက္ကပြင်)ကျေးရွာအုပ်စု၊ အဘေကျေးရွာတွင် TMP ကုမ္ပဏီမှ တောင်ကုန်း များနှင့် ဒီရေတောများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအဖြစ် လျှောက်ထားလုပ်ကိုင်သည်‌့ ပုစွန် မွေးမြူရေးစီမံကိန်းကို ဥပဒေလုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ခွင့်ပြုလုပ်ကိုင်ခဲ့ခြင်းရှိ/မရှိနှင့် EIA, SIA တိုင်းတာတွက်ချက်ခဲ့မှုရှိ/မရှိ၊ မရှိလျှင် မည်သို့အရေးယူမည်တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

 

ယခုမေးခွန်းကို မေးမြန်းခဲ့သည်မှာ ၅ လ ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် လွှတ်တော်နားချိန် မဲဆန္ဒ နယ်ကိုဆင်းသည့်အခါ မိမိမေးမြန်းထားသည့်အချက်များထဲက အချို့အချက်ကို အောက်ခြေတွင် ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်နေပါကြောင်း၊ သို့သော် အချို့အချက်များက လိုအပ်နေဆဲဖြစ်ပါကြောင်း၊ မိမိ ၎င်းမေးခွန်းကို မေးမြန်းရသည့်အဓိကအချက်များက ယခုစီမံကိန်းပြုလုပ်ထားသော ကျေးရွာ အပါအဝင် အနီးအနားကျေးရွာများမှ ပြည်သူများ၏လက်မှတ်ထိုးတိုင်ကြားချက်များအပေါ် မေးမြန်းခဲ့ သည်‌က တစ်ကြောင်းနှင့် မိမိကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့သည့် အခြေအနေတွေ့ရှိချက်များအပေါ် အခြေခံကာ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဒသမအကြိမ်လွှတ်တော်နား၍ မဲဆန္ဒနယ်ကိုပြန်သည့်အခါ TMP ကုမ္ပဏီမှ ဂဏန်းပျော့မွေးမြူရေးအတွက် စီမံကိန်းအနီးနားကျေးရွာများမှ ရွာသူရွာသား အယောက် ၁၀၀ ကျော်ကို အလုပ်ခန့်ထားပါကြောင်း၊ သို့သော် ယခုအချိန်အထိ ထိုစီမံကိန်းတွင် ဥပဒေနှင့်အညီပြုလုပ်ရန် လိုအပ်ချက်များစွာရှိနေပါကြောင်း၊ တောင်ကုတ်မြို့နယ်၊ ခူး(သက္ကပြင်) ကျေးရွာအုပ်စု၊ အဘေကျေးရွာတွင် TMP ကုမ္ပဏီမှ ၁၇-၁၂-၂၀၁၆ ရက်နေ့တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ၃၄၆.၄၁ ဧက လျှောက်ထားခဲ့ကြောင်းကို ၈-၅-၂၀၁၈ ရက်နေ့ကျသည့်အခါမှ ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူးမှ ၁၀ အိမ်မှူးများကို အစည်းအဝေးခေါ်ယူကာအသိပေးသဖြင့် သိခဲ့ရပြီး ကန့်ကွက်လွှာ အား ၁၆-၅-၂၀၁၇ ရက်နေ့တွင် ပေးပို့ခဲ့ပါကြောင်း၊

ထို့အပြင် ‌မြေလွတ်၊ မြေလပ်၊ မြေရိုင်းမလျှောက်ထားမီ ၆ လခန့်ကတည်းက သဘာဝဒီရေတော များကို တာတမံပိတ်ခြင်း၊ တာတမံအတွင်း ဒီရေရောက်သစ်တောများအား ခုတ်လှဲ၍ စုပုံမီးရှို့ခြင်း၊ ကန်အတွင်းပိုးသတ်ဆေးများသုံး၍ သန့်ရှင်းရေးပြုလုပ်ခဲ့ပြီး ဒီရေအတက်အကျဖြင့် ရေအသွင်း အထုတ်ပြုလုပ်ရာတွင် ဓာတုပိုးသတ်ဆေးများသည် ဒီရေများနှင့်အတူ ဘေးပတ်ဝန်းကျင်များသို့ ပျံနှံ့ခဲ့ခြင်းကြောင့်  အနီးအနားချောင်းများမှ ရေနေသတ္တဝါများ သေကျေပျက်စီးခဲ့ရသည့်အပြင် ဒီရေ တောများအား အပင်များခုတ်လှဲစုပုံခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ထားပါကြောင်း၊ လွှတ်တော်နားစဉ် ကာလက မိမိကိုယ်တိုင်ကျေးရွာများကို ကွင်းဆင်းသည့်အခါ အဆိုပါနေရာအနီးက စက်လှေဖြင့် ဖြတ်သန်းသွားလာခဲ့သည့်အတွက် ဒီရေတောများ၏အခြေအနေကို မြင်တွေ့ခဲ့ရပါကြောင်း၊ သက်ဆိုင်ရာဌာနများသို့ ၎င်းကိစ္စကိုမေးကြည်‌့သည့်အခါ မသိရှိကြောင်း ပြန်လည်ဖြေကြားပါကြောင်း၊

ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ယခု ဧက ၁၀၀၀ ကျော် လုပ်ကိုင်ဆောင်ရွက်နေပါကြောင်း၊ ဒီရေတောများကို ရှင်းလင်းပြီး ချောင်းငယ်လေးများကို ပိတ်ထားပါကြောင်း၊ မိမိမဲဆန္ဒနယ်က ပြည်သူလူထုများက မိမိထံ လက်မှတ်ရေးထိုးပြီး ကန့်ကွက်တိုင်ကြားထားပါကြောင်း၊

မိမိသည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်နေခြင်းကို ကြိုဆိုပါကြောင်း၊ မကန့်ကွက်ပါကြောင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင်ရန် အတွက်သာ ပြောဆိုနေရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းစီမံကိန်းတွင် လယ်ယာမြေနည်းဥပဒေ ပုဒ်မ ၆ နှင့် ပုဒ်မ ၃၀ အရ မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့က ဒေသခံများ၏ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် စိုက်ပျိုးမြေများ ထိခိုက်မှုအပေါ် မည်သူမဆို ကန့်ကွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာခြင်း၊ ပွင့်လင်း မြင်သာစွာ အသိပေး‌ပြောဆိုခဲ့ခြင်းရှိ/မရှိ သိလိုပါကြောင်း၊ လယ်ယာမြေနှင့်အခြားမြေများအား အခြား နည်းသုံးစွဲခွင့်၊ လုပ်ပိုင်ခွင့်၊ စိစစ်ခြင်းဆိုင်ရာ ပုံစံ ၁၄ နှင့် နည်းဥပဒေပုဒ်မ ၈၄၊ ၈၆ အရ ဆောင်ရွက် ခြင်းရှိ/မရှိကိုလည်း သိလိုပါကြောင်း၊ အရေးကြီးသည့်အချက်အနေဖြင့် ဒီရေတောများ ရှင်းလင်းသွား သည့်နေရာတွင် မည်ကဲ့သို့ပြန်လည်လုပ်ဆောင်ပေးနိုင်မည်ကို သိလိုပါကြောင်း၊ နောက်ဆုံးအချက် အနေဖြင့် ချောင်းငယ်၊ ‌မြောင်းငယ်များကို စီးဝင်နေသော မြစ်လက်တက် ၁၀ ခုကျော်ကို ပိတ်ဆို့ ထားခြင်းသည်လည်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေနှင့်သာ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ ပြဋ္ဌာန်းချက်ဥပဒေများနှင့်ညီ/မညီ၊ EIA, SIA တိုင်းတာတွက်ချက်ခဲ့မှုများရှိ/မရှိကိုလည်း သုံးသပ်ရန် အထူးလိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဥပဒေနှင့်အညီဖြစ်စေရန် တောင်ကုတ်မြို့နယ်၊ ခူး (သက္ကပြင်) ကျေးရွာအုပ်စု၊ အဘေကျေးရွာတွင် TMP ကုမ္ပဏီမှ တောင်ကုန်းများနှင့် ဒီရေတောများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းအဖြစ် လျှောက်ထားလုပ်ကိုင်သည်‌့ ပုစွန်မွေးမြူရေးစီမံကိန်းကို ဥပဒေ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ခွင့်ပြုလုပ်ကိုင်ခဲ့ခြင်းရှိ/မရှိနှင့် EIA, SIA တိုင်းတာတွက်ချက်ခဲ့မှုရှိ/မရှိ၊ မရှိလျှင် မည်သို့အရေးယူမည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။