(က)-ဖားဆောင်းမြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းရပ်ကွက်တွင် ကိုယ်ထူကိုယ်ထဖြင့် ရပ်ရွာမှဆောက်လုပ် ပေးထားသော မူကြိုကျောင်းများသည် ဟောင်းနွမ်းပျက်စီးနေပါသဖြင့် အသစ်ပြန်လည် တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ဖားဆောင်းမြို့နယ်တောင်ပိုင်း၊ မြောက်ပိုင်းရပ်ကွက်တွင် ကိုယ်ထူကိုယ်ထဖြင့် ရပ်ရွာမှ ဆောက်လုပ်ပေး ထားသော မူကြိုကျောင်းများသည် ဟောင်းနွမ်းပျက်စီးခြင်း၊ အန္တရာယ်ဆောင်များအဖြစ် သတ်မှတ်ခံ ရခြင်း၊ ခြံစည်းရိုးများမရှိခြင်းဖြစ်နေပါသဖြင့် အမှန်တကယ်လိုအပ်သော မူကြိုကျောင်းနှင့် ကျောင်းခြံစည်းရိုးကို အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ဖားဆောင်းမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု၍ ဖွင့်လှစ်ထားသော ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းကို ၁၉၈၅-၈၆ ဘဏ္ဍာရေးနှစ်တွင် ဝ.၁၄၉ မြေဧက အကျယ်ရှိ မြောက်ပိုင်းရပ်ကွက်တွင် ဆောက်လုပ်ခဲ့ပါကြောင်း၊ ဖားဆောင်းမြို့နယ် ပြည်သူ့ကောင်စီလက်ထက်တွင် ကလေးသူငယ်များ၏ အသိဉာဏ်နှင့် ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိဘများဖြင့် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းပြီး စေတနာရှင်များ လှူဒါန်းမှုဖြင့် ပျဉ်ခင်း၊ ပျဉ်ကာ၊ ဖက်မိုးတစ်ထပ်မူကြိုကျောင်းကို ကျောင်းသားဦးရေ ၅၀ ကျော်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ မြောက်ပိုင်းမူကြိုကျောင်း အဖြစ်လည်း ခေါ်ဆိုကြပါကြောင်း၊ ၁၉၉၉ ခုနှစ်မှာဆိုရင် သွပ်အလှူရှင်မှ သွပ်လှူဒါန်းသဖြင့် သွပ်မိုးအဖြစ် ပြန်လည်ဆောင်ရွက် ခဲ့သော်လည်း ယခုထိနှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ကျောင်းဆောင်များသည် ဟောင်းနွမ်းပျက်စီးပြီး အခင်းအကာအချို့ ပျက်စီးယိုယွင်း၍ အန္တရာယ်အဖြစ် မြင်တွေ့နေရပါကြောင်း၊ မူလတန်းကြိုကျောင်းကို လွိုင်ကော်-မော်ချီး-တောင်ငူ ပြည်ထောင်စုလမ်းမဘေးတွင် တည်ရှိပြီး ကျောင်းခြံစည်းရိုးများ မရှိခြင်းကြောင့် ကလေးများအတွက် အလွန်အန္တရာယ်များသဖြင့် ကျောင်းသားမိဘများက မိမိတို့ကလေးများကို မူကြိုကျောင်းတွင် လာရောက်ထားသော်လည်း စိုးရိမ်ကြောင့်ကြဖြစ်နေရပါကြောင်း၊ ဖားဆောင်းမြို့တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းကို လာရောက်ထားသည့် ကလေးများဆိုလျှင် အစိုးရဝန်ထမ်း သားသမီးများနှင့် တောင်သူ၊ လက်လုပ်လက်စားသားသမီးများ အများဆုံးဖြစ်ကြပါကြောင်း၊
တောင်ပိုင်းမူကြိုကျောင်းတွင်လည်း ကျောင်းသားဦးရေ ၅၀ ကျော်ရှိနေပြီး ကျောင်းဆောင်နှင့် ကျောင်းသားဦးရေက မကိုက်ညီသောကြောင့် များစွာအခက်အခဲ ကြုံတွေ့နေရပါကြောင်း၊ မူကြိုကျောင်း နှစ်ကျောင်းတွင်ရှိသည့် ဆရာမများကို ကလေးမိဘများ ထည့်ဝင်သော လစဉ်ကြေးဖြင့်သာ အနည်းငယ် ထောက်ပံ့နိုင်ပါကြောင်း၊ ၁၉၉၅ ခုနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ခြင်းများ ရှိပါကြောင်း၊ ကလေးများအတွက် လိုအပ်သော ဆရာမထောက်ပံ့ငွေများ၊ ကစားကွင်းနှင့် သင်ထောက်ကူ ပစ္စည်းများကို နိုင်ငံတော်၏ဘဏ္ဍာရေးနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် မူကြိုကျောင်း နှစ်ကျောင်းကိုပေါင်းပြီး တစ်ကျောင်းတည်း တည်ဆောက် ပေးရန်လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်ပိုင်းမူလတန်းကြို ကျောင်းနှင့် မြောက်ပိုင်းမူလတန်းကြိုကျောင်းရှိ ကလေးများ အတွက် သပ်ရပ်ပြီး လုံခြုံမှုရှိသည့် စံကိုက်မူကြိုကျောင်းဆောင်ကို ဆောက်လုပ်ပေးပြီး လူမှုဝန်ထမ်း ဦးစီးဌာန၏ စီမံခန့်ခွဲမှု နေ့ကလေးထိန်းကျောင်းအဖြစ် တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။