(င)-နိုင်ငံပိုင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်း၏ အခြေအနေ၊ ဝန်ထမ်းများ၏ အခြေအနေ၊ ယင်းလုပ်ငန်းပိုင်ရေယာဉ်များနှင့် ဆိပ်ခံဘောတံတားများ၏ အခြေအနေတို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံသည် မြစ်၊ ချောင်း၊ အင်းအိုင် အများအပြားရှိနေသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်စသည့် မြစ်ကြီးများအပြင် မြစ်လက်တက် အများအပြား ခက်ဖြာစီးဆင်းနေသောနိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ပင်လယ်ရေကြောင်းလမ်းများလည်း ရေကြောင်းရှည်လျားစွာရှိနေသောနိုင်ငံ ဖြစ်ပါကြောင်း၊ တစ်ချိန်က အဆိုပါမြစ်များ၊ မြစ်လက်တက် များသည် မိမိတို့နိုင်ငံအတွက်စားနပ်ရိက္ခာအရင်းအမြစ်များ ဖြစ်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ၏အရင်းအမြစ်များ ဖြစ်ခဲ့ပါကြောင်း၊ အထူးသဖြင့် မိမိတို့နိုင်ငံသူနိုင်ငံသားများ တစ်နေရာမှ တစ်နေရာ၊ တစ်မြို့မှတစ်မြို့ ကူးသန်းသွားလာသည့်အခါ အဓိကအားဖြင့် သင်္ဘောများ၊ လှေများ၊ စက်လှေများ၊ ပဲ့ဒေါင်များဖြင့်သွားလာရန်အတွက် အရေးကြီးသည့်အရင်းအမြစ်တစ်ခု ဖြစ်ခဲ့ပါကြောင်း၊
သို့သော် မကြာသေးခင် ၁၀ စုနှစ် တစ်ခုခန့်ကစပြီး မိမိတို့နိုင်ငံတစ်လွှားတွင်နိုင်ငံတော်အစိုးရက ကုန်းလမ်းများကို ဖောက်လုပ်ခဲ့ပါကြောင်း၊ ကုန်းလမ်းကွန်ရက်များ များစွာချဲ့ထွင်ပြီး ဖောက်လုပ် ခဲ့ပါကြောင်း၊ ယခင်ရှိပြီးသား ကားလမ်းများကို ပြင်ဆင်မွမ်းမံခဲ့သည့်အပြင် ကားလမ်းအသစ်များလည်း များစွာဖောက်လုပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ကုန်းလမ်းက တစ်ဖြည်းဖြည်းဖွံ့ဖြိုးလာ သည့်အခါ ပြည်သူများက ရေလမ်းအစား ကုန်းလမ်း၊ ကားလမ်းများကိုလည်း အဓိကအားထားပြီး သွားလာကြပါကြောင်း၊ ထိုအခါ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်ကြောင်း တစ်လျှောက်ရှိ သင်္ဘောများ၊ ဆိပ်ခံဘောများ အသုံးပြုမှုတဖြည်းဖြည်းနည်းပါးလာခဲ့ပါကြောင်း၊ မိမိတို့ တွံတေးမြို့သည် တွံတေးတူးမြောင်းပေါ်တွင်တည်ရှိသည့်မြို့ ဖြစ်ပါကြောင်း၊
တွံတေးတူးမြောင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ထဲတွင် အမည်အမျိုးမျိုးဖြင့် ကွေ့ပတ်စီးဆင်းသွား သော တိုးမြစ်နှင့် မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်မြို့တို့ကို ဆက်သွယ်ထားသော၊ လွန်ခဲ့သည့်နှစ်ပေါင်းတစ်ရာခန့် အင်္ဂလိပ်ခေတ်ကတည်းက ဖောက်လုပ်ခဲ့သည့်တူးမြောင်း ဖြစ်ပါကြောင်း၊ တစ်ချိန်က မိမိတို့မြို့သည် သင်္ဘောစီးရေ တစ်နေ့လျှင် စီးရေ ၂၀၊ ၃၀ ခန့် ဆိပ်ကမ်းတွင် အားလုံးဆိုက်ကပ်သွားလာနေသည့်မြို့ ဖြစ်ပါကြောင်း၊ တူးမြောင်းထဲကို ဖြတ်သန်း သွားလာသည့် သင်္ဘောများအပေါ်မှီခိုပြီး မိမိတို့စီးပွားရေးတစ်ခု ဖြစ်ထွန်းလာခဲ့ပါကြောင်း၊ ယခု အချိန်တွင် ကားလမ်းကဖွံ့ဖြိုးလာသည့်အခါ မိမိတို့မြို့သာမက ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိမြို့များ၊ အခြားမြို့များက ဆိပ်ကမ်းများ၊ ဆိပ်ခံဘောများ၊ ဆိပ်ခံတံတားများသည် အသုံးမပြုသလောက် ဖြစ်သွားပြီ ဖြစ်ပါကြောင်း၊ မိမိတို့မြို့က ဆိပ်ခံဘောသည် မည်သည့်သင်္ဘောမျှ မဆိုက်ကပ်တော့ သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိသွားပြီ ဖြစ်ပါကြောင်း၊
ထို့ကြောင့် မည်သည့်ဝင်ငွေမျှမရှိတော့သည်အခါ ၎င်းကိုပြင်ဆင်မွမ်းမံရန် ဘတ်ဂျက်ကလည်း ကျ မလာတော့ပါကြောင်း၊ ထို့ကြောင့် ဆိပ်ခံဘောများ၊ တံတားများ ဒီအတိုင်းပစ်ထားရသည့်အနေအထား ဖြစ်ပါကြောင်း၊ တာဝန်ကျဝန်ထမ်းများသည်လည်း လတ်တလောတွင်လုပ်စရာမရှိတော့ဘဲ ထိုင်နေရ သည့်အနေအထား ဖြစ်ပါကြောင်း၊ နောင်ကိုလည်း အဆိုပါကားလမ်းများ ပိုမိုဖွံ့ဖြိုးလာရန်သာ ရှိပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းရေကြောင်းသွားလာရေးလုပ်ငန်း၏အနာဂတ်က မည်သို့ရှိသည်ကို သိလိုပါကြောင်း၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းကြီးတစ်ခုလုံး၏ အခြေအနေ၊ အဆိုပါဌာနတွင်ခန့်အပ်ထားသောဝန်ထမ်းများ၏အခြေအနေ၊ နောင်တွင် မည်သို့စီမံပေးသွားမည်၊ တစ်ချိန်က အသုံးများခဲ့သော ဧရာဝတီသင်္ဘောများ ပုသိမ်၊ ရန်ကုန်ဖြတ်သွားသော ဗန္ဓက၊ ဗန္ဓူလ၊ ဘုရင့်နောင်စသည့် သင်္ဘောကြီးများလည်း ယခုမတွေ့ရှိတော့ပါကြောင်း၊ ၎င်းသင်္ဘောများကို ယခု မည်သို့စီမံခန့်ခွဲနေပါသနည်း၊ အသုံးမရှိတော့သလောက်ဖြစ်သွားပြီဖြစ်သော ဆိပ်ခံဘောတံတားများ၊ ဆိပ်ခံတံတားများနှင့်ပတ်သက်သော အခြေအနေအားလုံးကိုလည်း သိလိုပါကြောင်း မေးမြန်းပါသည်။