(ဃ)-တောင်နဝင်းရေလှောင်တမံကြီး၏ တမံမြေသားနိမ့်ကျမှုနှင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာမှုကို မိုးရာသီမတိုင်မီနှင့် မိုးရာသီတွင် မြို့နယ်သူ/သားများ လုံခြုံမှုရှိစေရန် မည်သို့စီမံထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံကြီး၏ ငလျင်ဒဏ်ကြောင့် တမံထိပ်ပြင်မြေသား နိမ့်ကျမှုနှင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာမှုကို မိုးရာသီကာလမတိုင်မီနှင့် မိုးရာသီကာလတွင် မြို့နယ်သူမြို့နယ်သားများ လုံခြုံမှုရှိစေရန် မည်ကဲ့သို့စီမံထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
ကျိုးကြောင်းဖော်ပြချက်က တောင်နဝင်းရေလှောင်တမံသည် ပေါက်ခေါင်းမြို့နယ်၊ ရပ်သစ် ကျေးရွာအနီး တောနဝင်းချောင်းပေါ် တွင် တည်ရှိပြီး တမံအမြင့် ၁၄၁ ပေ၊ တမံအလျား ၁၆၆၇၄ ပေရှိ မြေသားတမံဖြစ်ပါကြောင်း၊ တောင်နဝင်းရေလှောင်တမံကို ၁၉၈၅-၈၆ ခုနှစ်မှ ၁၉၉၄-၉၅ ခုနှစ်အတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တောင်နဝင်းရေလှောင်တမံသည် ဆည်ရေသောက် မြေဧရိယာ ၅၇၂၅၈ ဧကကို စိုက်ပျိုးရေပေးဝေနိုင်ပါကြောင်း၊
၂၀၁၉ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းကစပြီး တောင်နဝင်းရေလှောင်တမံ ထိပ်ပြင်မြေသားအလျားပေ ၁၀၀ အတွင်း တစ်ပေ ခန့်နိမ့်ကျပြီး မြေသားပေါင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည့် အတွက်ကြောင့် ပေါက်ခေါင်းမြို့နယ်သူ/သားများ အထူးစိုးရိမ်လျက် ရှိကြပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စူးစမ်းလေ့လာမှုများကို စဉ်ဆက်မပြတ် ပြုလုပ်နေပါသော်လည်း ယခုအချိန်အထိ အက်ကွဲကြောင်းများတွင် ပိုမိုကြီးမားလာခြင်း၊ မြေသားပေါင်ကြီးတွင် ပိုမိုနိမ့်ကျ လာခြင်းတို့ကြောင့် ဒေသခံများ အထူးစိုးရိမ်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပေါ်လာသော်လည်း စူးစမ်းလေ့လာမှုများမှ ပြင်ဆင်သည့်အဆင့်သို့ မရောက်ရှိသေးပါသဖြင့် မိုးရာသီကာလ ရေသိုလှောင်မှုနှင့် ပတ်သက်၍ ရေလှောင်ပမာဏ ပိုမိုများပြားလာသည့်အခါ တမံကြီး၏ ကြံ့ခိုင်မှုအခြေအနေကို ပြည်သူများ ပိုမိုစိုးရိမ်ထိတ်လန့် လာကြပါကြောင်း၊ ၄-၂-၂၀၁၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စတုတ္ထအကြိမ်မြောက် ငလျင်ထပ်မံလှုပ်ခတ်သည့် အတွက်ကြောင့် ပေါက်ခေါင်းမြို့နယ်သူ မြို့နယ်သားများ၏ စိုးရိမ်ထိတ်လန့်မှုသည် အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပါကြောင်း၊ ယင်း အခြေအနေများကြောင့် မိုးရာသီကာလမတိုင်မီ မိုးရာသီအတွင်း ရေလှောင်ပမာဏ ပိုမိုများပြားလာပါက တမံကြီး၏လုံခြုံစိတ်ချရမည့် အနေအထားကို မည်ကဲ့သို့ စီမံထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။