(စ)-ဆက်သွယ်ရေးသုံးစွဲ နေသူများအပေါ် စားသုံးသူအခွင့်အရေး ချိုးဖောက်နေသော ဆက်သွယ်ရေး လိုင်စင် (Service Provider) ရရှိထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအား ကြပ်မတ်စစ်ဆေးအရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဆက်သွယ်ရေးသုံးစွဲ နေသူများအပေါ် စားသုံးသူအခွင့်အရေးချိုးဖောက်နေသော ဆက်သွယ်ရေး လိုင်စင် (Service Provider) ရရှိထားသည့် ဆက်သွယ်ရေးကုမ္ပဏီများအား ပြဋ္ဌာန်းပြီးဖြစ်သော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေအရလည်းကောင်း၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေအရသော်လည်းကောင်း ကြပ်မတ်စစ်ဆေးအရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက ယနေ့ထုတ်လုပ်ပေးထားသော ဆက်သွယ်ရေးလိုင်စင် Service Provider အမျိုးအစားသုံးမျိုးရှိသည်ဟု မိမိတို့သိရပါကြောင်း၊ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ၊ ဆက်သွယ်ရေးလိုင်း ဝန်ဆောင်မှုလုပ်ငန်းများ၊ တယ်လီဖုန်းလိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများနှင့် Mobile Telecom များအား ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ပေါင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအထိ ၁၇၀ ခန့် ထုတ်ပေးထားသည်ဟု သိရှိရပါကြောင်း၊ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်း (Internet Service Provider) ဆိုတာက ခေတ်အဆက်ဆက် Bagan Net၊ Broadband၊ V-Sat နှင့် IP Star၊ ADSL ကစပြီး ယနေ့အချိန်တွင် Myanmar Net၊ Ananda အထိ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများအပါအဝင် ဝန်ဆောင်မှုလုပ်ငန်း ကြေညာတုန်းကတစ်မျိုး၊ ကြေငြာပြီးတစ်မျိုးဖြစ်ခဲ့ကြသဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကျောင်းသား/သူများ အင်တာနက်အသုံးပြုခဲ့ကြသူများ မည်မျှအထိ ခံစားခဲ့ကြမည်နည်းဆိုတာ အားလုံးအသိ ဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ အကာအကွယ် မရသေးပါကြောင်း၊ ဆက်သွယ်ရေးလိုင်း အသုံးပြုဝန်ဆောင်မှု လုပ်ငန်းများ (Connection Service Provider) စသည်ဖြင့် ဘဏ်နှင့်ငွေကြေး လုပ်ငန်းများ၊ E-Commerce များ၊ လက်လီအရောင်းဆိုင်များ အများစု အသုံးပြုနေခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းကဆိုလျှင် အင်တာနက်ဝန်ဆောင်မှုက Telenor BroadBand ဝန်ဆောင်မှု လုပ်ငန်းတွင် ပြဿနာများပေါ်ခြင်း၊ ယခုအင်တာနက်လိုင်း Connection Service Provider သုံးသည့် Red dot ဝန်ဆောင်မှုလုပ်ငန်း ပြီးခဲ့သည့်ရက်ပိုင်းက ပြဿနာပေါ်ခြင်း၊ ယနေ့အချိန်အထိ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ၎င်းတို့အထဲတွင် တယ်လီဖုန်းဝန်ဆောင်မှု၊ Mobile Telephone ဝန်ဆောင်မှု၊ Telecom Service Provider လေးခုရှိပါကြောင်း၊ ၎င်းတို့မှာ MPT၊ Telenor၊ Ooredoo နှင့် Mytel တို့ဖြစ်ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအရ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ သုံးသပ်အစီရင် ခံစာအရ နိုင်ငံတစ်ဝန်းလုံးတွင် မရှိမဖြစ်သုံးရသည့် လောကနိဗ္ဗာန် အိမ်သုံးလျှပ်စစ်မီတာ အခွန်ရငွေ စုစုပေါင်းက ဘီလီယံ ၅၂၀ ရသည်ဟု ဆိုပါကြောင်း၊ ၎င်းထဲကမှ နိုင်ငံတစ်ဝန်းလုံးအတွက် တယ်လီဖုန်း ပြောဆိုမှုအတွက် အသုံးသုံးပြုသည့် ငွေစုစုပေါင်းက ဘီလီယံ ၂၁၀၀ ရှိသည်ဆိုသည်မှာ အံ့သြဖွယ်ရာ တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံသူနိုင်ငံသားများ ဆက်သွယ်ရေးအတွက် မည်မျှသုံးနေကြသည်နှင့် အဆိုပါ ဆက်သွယ်ရေးကို အသုံးပြုပြီး ဖွံ့ဖြိုးတိုးတက်မှုများ မည်မျှဆောင်ရွက်ခဲ့ ကြသည်မှာ ဝမ်းသာစရာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေသည် ယနေ့အချိန်တွင် ၅၄ သန်းနီးပါး ရှိနေသော်လည်း Mobile Telephone အသုံးပြုသည့် အရေအတွက်က သန်း ၆၀ နီးပါးရှိနေပြီဖြစ်ပါကြောင်းနှင့် အင်တာနက်အသုံးပြုသူ အရေအတွက်က သန်း ၃၀ နီးပါးရှိနေပြီဖြစ်ပါကြောင်း၊
၎င်းတို့ထဲမှ ပြီးခဲ့သည့်လပိုင်းများအတွင်း ပြဿနာများ အများကြီးပေါ်ပါကြောင်း၊ လူမှုကွန်ရက်များတွင် တယ်လီဖုန်းများက ငွေထည့်လိုက်သည်မှာ ခဏလေးဖြင့်ကုန်သွားသဖြင့် ဘာတွေဖြတ်မှန်းမသိ ပြောလာသည့်အခါ မိမိကိုယ်တိုင် ဖုန်းကိုစစ်ဆေးကြည့်သည့်အခါ Game Mania၊၊ Game Haven၊ Application Store ၄၉၉ ကျပ်၊ ၄၅၀ ကျပ်၊ ၃၁၅ ကျပ် နည်းမျိုးစုံဖြင့် စက်တင်ဘာလကတည်းက မိမိကို ဖြတ်တောက်ထားခြင်း ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ဖြတ်တောက်ထားသည့် အနေအထားဖြစ်ပါကြောင်း၊ ဒါကို မိမိအနေဖြင့် Complain တက်ပါကြောင်း Complain တက်သည့်အခါ ၎င်းသည် လူကြီးမင်းက မှားယွင်းပြီးနှိပ်ထားသည်ဟု ပြောပါကြောင်း၊ မိမိမှာ မှားယွင်း နှိပ်ထားခြင်းမျိုးမရှိပါကြောင်း၊ အဆိုပါ ဝန်ဆောင်မှုကိုလည်း မိမိမယူပါကြောင်း ဒါဆိုမိမိတို့ထံမှ မည်သည့်အတွက်ကြောင့် ဖြတ်တောက်သနည်းဆိုသည်ကို လေးငါးခြောက်ခါခန့် Complain တက်မှသာလျှင် ပြန်လည်စစ်ဆေးပေးပါမည် ဆိုသည့်အဖြေကိုသာ ရရှိပါကြောင်း၊ ၎င်းကိစ္စမျိုးများ မိမိတို့နိုင်ငံအတွင်း မည်မျှခန့် ရှိနေပြီနည်း၊ ယခုလိုဖြတ်တောက်မှုဆိုင်ရာတွင် သုံးစွဲသူ သန်း ၆၀ ကျော် ရှိသည့်နေရာတွင် တစ်ပတ်ကို ဝန်ဆောင်မှုတစ်မျိုးအတွက် ဦးရေတစ်သန်း မှားဖြတ်ခြင်းသည် တစ်ပတ်ကို သန်း ၅၀၀ ခန့်၊ တစ်လကို နှစ်ဘီလီယံခန့်၊ တစ်နှစ်ကို ၂၅ ဘီလီယံခန့် သုံးစွဲသူများ နစ်နာပါကြောင်း၊ နိုင်ငံတကာအဆင့် Telecom ကုမ္ပဏီကြီးများဖြစ်ပြီး ယခုကဲ့သို့ ပညာနှင့်အသိဉာဏ် နည်းပါးသည့် မိမိတို့နိုင်ငံသူနိုင်ငံသားများအပေါ် ယခုလို အခွင့်ကောင်းယူပြီး အကျိုးအမြတ် ရယူခြင်းသည် ကျင့်ဝတ်နှင့်ကိုက်ညီကြပါသလားဆိုသည်ကို စဉ်းစားစေချင်ပါကြောင်း၊ ပြီးလျှင် နိုင်ငံတော်၏ ဥပဒေအပေါ် မထီမဲ့မြင်လုပ်သည်ဟုလည်း ခံစားရပါကြောင်း၊ ထို့ကြောင့် မေးမြန်းလိုသည်မှာ ဆက်သွယ်ရေးသုံးစွဲနေသူများအပေါ် ဆက်သွယ်ရေး အခွင့်အရေး ချိုးဖောက်နေသော ဆက်သွယ်ရေးလိုင်စင် (Service Provider) ရရှိထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများအား ပြဋ္ဌာန်းပြီးဖြစ်သော ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေအရသော်လည်းကောင်း၊ စားသုံးသူအကာအကွယ် ပေးရေးဥပဒေ၊ နည်းဥပဒေအရသော်လည်းကောင်း ကြပ်မတ်စစ်ဆေး အရေးယူပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။