(ဂ)-ဝိုင်းမော်မြို့နယ်တွင်ရှိသော ဝါရှောင်ရေလွှဲဆည်ကို အကြီးစားပြုပြင်တည်ဆောက်ပေးရန်နှင့် မြေသား တူးမြောင်းမကြီးအား ဆည်မြောင်းပုံစံကျ ကွန်ကရစ်အုတ်စီနံရံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
ဝါးရှောင်ရေလွှဲဆည်ကို ၁၉၆၂-၆၃ ခုနှစ်တွင် ယူကိုစလပ် နည်းပညာဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၆-၆၇ တွင် ပြီးစီး၍ ကွင်းပေါင်း ၄၂ ကွင်းနှင့်စီမံကိန်းနယ်မြေ ဧရိယာဧက ၁၇၄၅၀ ဧကကို မြေပေးဝေခဲ့သည့် ဆည်ကြီးဖြစ်ပါကြောင်း၊ အဆိုပါ ရေလွှဲဆည်သည် ယခင်မိုးတွင်းကာလ ရေဝပ် ဧရိယာသည် ပေပေါင်း ၂၀ ကျော် နက်သည့်အတွက် လူအများဖြတ်ကူးရေချိုး၍ မရပါကြောင်း၊ ယခုလက်ရှိ အခြေအနေတွင် နုန်းသဲများပြည့်နေပါကြောင်း၊ ၎င်းဆည်တွင် ၂၀ ကျော်နက်သည့် ရေထုတ်၊ သဲထုတ်တံခါးရှိပါကြောင်း သဲထုတ်တံခါးကို ဦးစားပေးပြီးမှ နုန်းသဲများကို ဖော်ရမည်ဖြစ် သော်လည်း အရှေ့ခြမ်းကိုသာကွက် ဖော်ထားပြီး သဲသောင်တစ်ပြင်လုံးကို ဖော်ထားခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ နုန်းသဲဖော်ပြီးသော်လည်း ရေဝပ်ဧရိယာအောက်တွင် နုန်းသဲများပြန်လည် ထူထပ်လာပြီး လက်ရှိအခြေအနေတွင်လည်း မူလအတိုင်း နုန်းသဲများပြည့်နေပါကြောင်း၊ နုန်းသဲများ ဖော်ခြင်းအတူ ဆည်တွင်အဆောက်အဦများ ဆောက်နေသည်များ ရှိပါကြောင်း၊ ရေကူလွဲဘက်ကို သွားသည့်လမ်းတွင် နှစ်ပေပတ်လည် ကွန်ကရစ်ရှိသည်ကို ပြန်ဖြတ်ပြီးသစ်ပြန်လည်ပြင်ဆင်၍ ဘတ်ဂျက်မကုန်ကုန်အောင် လုပ်သကဲ့သို့ ဖြစ်နေပါကြောင်း၊ လက်ရှိအခြေအနေတွင် တောင်သူများ အမှန်တကယ် လိုအပ်သည်မှာ သဲသောင်ပြင်အစား ရေရှိရန်လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ သို့သော် လက်ရှိလုပ်နေသည့် လုပ်ငန်းများတွင် ရေသိုလှောင်နိုင်မှု တောင်သူများကို ရေပေးဝေနိုင်အောင် လုပ်ဆောင်နေခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်များ ချထားပြီး လုပ်ဆောင်နေသော်လည်း ပေးကာပေး၏ မရဆိုသလို အနာနှင့်ဆေး တစ်ခြားစီဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အမှန်တကယ်တောင်သူများ ရေရရှိနိုင်ရန်အတွက် နုန်းသဲများကိုဖော်၍ ဆည်ကိုပြုပြင် ပေးရန်နှင့် မြေသားမြောင်း မကြီးများကို အုတ်စီနံရံပြုလုပ်ပေးရန် ဝိုင်းမော်မြို့နယ်တွင် တည်ရှိသည့် ဝါရှောင်ရေလွှဲဆည်ကို အကြီးစားပြုပြင်ပေးရန်နှင့် မြေသားတူးမြောင်းမကြီးကို ကွန်ကရစ်အုတ်စီနံရံ တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။