(ဆ)-ဗန်းမောက်မြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသော စာခမ်း-ဟော်ယောလမ်း ကျောက်ချောလမ်းခင်းခြင်း ငါးမိုင်အားပြီးစီးအောင် ဆောင်ရွက်ခြင်း မရှိသည့်အတွက် အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဗန်းမောက်မြို့နယ်အတွင်း စာခမ်း-ဟော်ယောလမ်း ၁၅ မိုင်အနက် ငါးမိုင်ကျောက်ခင်းလမ်းကို ၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးဘတ်ဂျက် ၃၄၅.၃၅ သန်းဖြင့် ခွင့်ပြုခဲ့ပါကြောင်း၊ မိုးဇမ္ဗူအောင်ကုမ္ပဏီက လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လတွင် ၂၃ ရာခိုင်နှုန်းခန့် ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၉-၅-၂၀၁၈ ရက်နေ့တွင် ဗန်းမောက်မြို့နယ်အတွင်း စီမံကိန်းများ ပြီးစီးအောင်ဆောင်ရွက် မပေးနိုင်ခြင်းကိစ္စအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ စာရေးသားတင်ပြခဲ့ပါကြောင်း၊ ၂၀၁၈-၁၉ ခုနှစ် ခြောက်လဘတ်ဂျက် ပြီးဆုံးသည့်အချိန်တွင် မေးခွန်းမေးမြန်းချိန်ထိ လမ်းပိုင်း၏ ၄၅ ရာခိုင်နှုန်းခန့်သာ ပြီးစီးခဲ့ပါကြောင်း၊ ထို့နောက် လာရောက်ဆောင်ရွက်ခြင်းမျိုးလည်း မရှိသည်ကို တွေ့ရှိရပါကြောင်း၊
ပြည်သူ့လွှတ်တော်ရုံးသို့ မေးခွန်းမေးမြန်းပြီး မဲဆန္ဒနယ်သို့ အပြန်မှသာ အပြေးအလွှား လာရောက်ပြီး ဆောင်ရွက်ပါကြောင်း၊ ၂၅-၂-၂၀၁၉ ရက်နေ့ထိ ပြီးစီးအောင် ဆောင်ရွက်ခြင်း မရှိသေးပါကြောင်း၊ ငါးမိုင်အနက် (ဝ/၀) မိုင်မှ (၃/ဝ) မိုင်အထိ နှစ်လက်မ၊ လေးလက်မ ကျောက်ဖြင့်ခင်းပြီး ကျန်အပိုင်းများကို မြေသားဖြင့် ယခုအချိန်ထိ ရှိနေဆဲဖြစ်ပါကြောင်း၊ ၁၇-၃-၂၀၁၈ ရက်နေ့တွင် အရည်အသွေးစစ်အဖွဲ့က သွားရောက်စစ်ဆေးပါကြောင်း၊ တင်ဒါ စည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်နေသဖြင့် ပြင်းထန်စွာ အရေးယူ သင့်ပါကြောင်း၊ ယခုကဲ့သို့သောကုမ္ပဏီများကို နယ်စပ်ရေးရာဝန်ကြီးဌာန၏တင်ဒါလုပ်ငန်းများတွင် ဆောင်ရွက်စေခြင်းအားဖြင့် ဌာန၏ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သောကြောင့် မည်ကဲ့သို့အရေးယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။