(င)-လေရှီးမြို့နယ်ရှိ ဟိန်ကွတ်၊ ပိန္ဒဲကုန်း၊ ကော်လ်ကန်၊ ရန်နွေး၊ အောင်ဇေယျ၊ ထိန်းဖာရံနှင့် ကျဲကော့ ကျေးရွာများ၏ ကျေးလက်ကျန်းမာရေးဌာနခွဲများအား စံကိုက်အဆောက်အဦဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မေးခွန်းတွင်ဖော်ပြထားသည့် ကျန်းမာရေးဌာနခွဲများသည် ယခင်က န.တ.လ အစီအစဉ်ဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အဦများလည်း ရှိပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီး ဆောက်လုပ်ပေးခဲ့သည့် အဆောက်အဦများလည်း ရှိသကဲ့သို့ အချို့ကျေးရွာက ကိုယ်ထူကိုယ်ထ ထရံကာ၊ ကတ်ကာလေးဖြင့် ဆောက်လုပ်ခဲ့သည့် ဆေးခန်းများလည်း ရှိပါကြောင်း၊ ယခုကဲ့သို့ ဒေသထွက် သစ်၊ ဝါးများဖြင့် ဆောက်လုပ်သည့်အခါ ယခုဆိုလျှင် ပျက်စီးနေပြီဖြစ်သည့်အပြင် ဝန်ထမ်းများနေရန်လည်း မလုံလောက်ပါကြောင်း၊ သန့်ရှင်း၊ လုံခြုံမှုလည်းမရှိ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဌာန ဆရာ/မများနှင့် ဆေးခန်းအတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသော လုံခြုံသည့် အဆောက်အဦကို လိုအပ်နေပြီဖြစ်ပါကြောင်း၊ မိမိတင်ပြထားသည့် ကျေးရွာများသည် ကားလမ်းပေါက်ထားသည့် လမ်းကြောင်းပေါ်တွင်ရှိနေပြီး ဆောက်လုပ်ရေးပစ္စည်း သယ်ယူရန် အတွက်လည်း အဆင်ပြေနိုင်သည့်အတွက်ကြောင့် ဝန်ထမ်များလုံခြုံမှုရှိရေးနှင့် ဆေးခန်းများ သန့်ရှင်း လုံခြုံရေးတို့အတွက် အစောဆုံးဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုသည့်အတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။