(ဂ)-ချီဖွေငယ်ရေးအားလျှပ်စစ် စီမံကိန်းဆောင်ရွက်ခဲ့သည့် CPI ကုမ္ပဏီမှ ဒေသခံတောင်သူများ၏ ခြံမြေနစ်နာမှုနှင့် သီးနှံပင်များလျော်ကြေးပေးရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

ချီဖွေငယ်ရေးအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ခဲ့သည့် CPI ကုမ္ပဏီမှ ဒေသခံတောင်သူများ၏ ခြံမြေနစ်နာမှုနှင့် သီးနှံပင်များလျော်ကြေးပေးရန် ကျန်ရှိနေသူများကို ကုမ္ပဏီမှမည်သည့်အချိန်တွင် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

 

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် CPI ကုမ္ပဏီမှ ချီဖွေငယ်ရေအား လျှပ်စစ်စီမံကိန်းကို လွန်ခဲ့သည့်  ၂၀၀၈ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ် တွင် ၃၃ မဂ္ဂါဝပ်ရေအားလျှပ်စစ် ထုတ်လုပ်စက်သုံးလုံးကို တည်ဆောက်တပ်ဆင်ခဲ့ပြီး လျှပ်စစ်ဓာတ်အား ကို ထုတ်လုပ်ရောင်းချခဲ့ပြီး ယခုအချိန်တွင် ဝင်ငွေများရရှိနေသော လုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ CPI ကုမ္ပဏီမှ ချီဖွေငယ်ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းကို စတင်ဆောင်ရွက်ရန် ဒေသခံ တောင်သူများ၏ လုပ်အားများဖြင့် ခုတ်ထွင်ရှင်းလင်းဖော်ထုတ် စိုက်ပျိုးထားသော ခြံမြေများနှင့် သီးနှံပင်များရှိသည့် နေရာတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းစက်ရုံနှင့် ရေကာတာကို တည်ဆောက်ရန် နယ်မြေအဖြစ် သတ်မှတ်သိမ်းယူခဲ့ပြီး စတင်တည်ဆောက်ခဲ့သော စီမံကိန်းလုပ်ငန်း ဖြစ်ပါကြောင်း၊ ယခု ချီဖွေငယ်ရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းစတင် ဆောင်ရွက်ခဲ့စဉ် တောင်သူများ၏ လယ်မြေနှင့်သီးနှံပင်များ နစ်နာကြေးအချို့ကို ဆောင်ရွက်ပေးခဲ့ သော်လည်း ခြံမြေနှင့်သီးနှံပင်များ နစ်နာမှုအချို့ကို ယနေ့ထိတိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း မရှိဘဲ ရပ်ဆိုင်းနေပါကြောင်း၊ ချီဖွေငယ်ရေအားလျှပ်စစ်စီ မံကိန်းလုပ်ငန်းများသည် ယခုအချိန်တွင် ဝင်ငွေများရရှိနေပြီး နှစ်ကြာလများလည်း ကြာခဲ့ပြီးသော်လည်း ယနေ့အချိန်ထိ ဒေသခံ တောင်သူများ၏ ခြံမြေနစ်နာမှုနှင့် သီးနှံပင်များအတွက် လျော်ကြေးဆောင်ရွက်ပေးရန် အချို့ကျန်ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါတောင်သူများ၏ လုပ်အားနှင့် ခုတ်ထွင် ရှင်းလင်းခဲ့သော ခြံမြေနစ်နာမှုနှင့် စိုက်ပျိုးထားသော သီးနှံပင်များနစ်နာကြေးကို  သက်ဆိုင်ရာမြို့ စီမံခန့်ခွဲအုပ်ချုပ်ရေး အဖွဲ့မှလည်း အကြိမ်ကြိမ်တင်ပြ ခဲ့သော်လည်း ၎င်းဒေသခံတောင်သူများ အချို့၏ ခြံမြေနစ်နာမှုနှင့် သီးနှံပင်များ နစ်နာမှုကို ပေးလျော်ရန် ကျန်ရှိနေသည်ကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် ချီဖွေငယ်ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်ခဲ့သော CPI ကုမ္ပဏီမှ ဒေသခံ တောင်သူများအတွက် ပေးရန်ကျန်ရှိနေသော ခြံမြေနစ်နာမှုနှင့် သီးနှံပင်များနစ်နာကြေးကို မည်သည့်အချိန်တွင် မည်ကဲ့သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။