(ခ)-တိုင်းဒေသကြီးအစိုးရ၏ ခွင်‌့ပြုချက်မရဘဲ စက်သုံးဆီအရောင်းဆိုင်သစ် ဆောက်လုပ်ခြင်းကို မည်သို့အရေးယူဆောင်ရွက်မည်နှင်‌့ မည်သည့် ဌာနမှ မည်ကဲ့သို့ ခွင့်ပြုထားသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာလူထုက သဘောမတူဘဲ၊ တိုင်းဒေသကြီးအစိုးရ၏ ခွင်‌့ပြုချက်မရဘဲ စက်သုံးဆီအရောင်းဆိုင်သစ် ဆောက်လုပ်ခြင်းကို မည်သို့အရေးယူဆောင်ရွက်မည်နှင်‌့ မည်သည့် ဌာနမှ မည်ကဲ့သို့ ခွင့်ပြုထားသည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ ကုလားကုန်းကျေးရွာတွင် စက်သုံးဆီ အရောင်းဆိုင်အသစ် ဖွင်‌့လှစ်ရန်အတွက် စက်သုံးဆီဆိုင် ဆောက်လုပ်နေမှုကို ကျေးရွာသူ/သား ၂၁၆ ဦးမှ လက်မှတ်ရေးထိုးပြီး ၈-၄-၂၀၁၆ ရက်တွက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံလိပ်မူပြီး မိမိထံမိတ္တူ ပေးခဲ့ပါကြောင်း၊ ၎င်းရက်တွင် ဝန်ကြီးချုပ်က ကျေးရွာသူ/သားများမှ သဘောတူညီ ကြောင်း၊ လက်မှတ်ရေးထိုးပြီး တင်ပြလာပါက ဖွင်‌့လှစ်ခွင့်ပြုမည်ဟုလည်း စာပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊  သို့သော်လည်း ကျေးရွာသူ/သားများ၏ သဘောတူညီချက်ကို ရယူသည့်စာပြန်လည် တင်ပြလာခြင်း မရှိပါကြောင်း၊

၂၀၁၆ နှစ်ဦးပိုင်း ဆီဆိုင်စတင်မဆောက်လုပ်မီ အုတ်၊ သဲ၊ ကျောက်များမပုံမီ ကျေးရွာသူ/သားများက ကန့်ကွက်ကြပါကြောင်း၊ ကန့်ကွက်သည့်ကြားထဲမှ တိုင်းဒေသကြီးကလည်း ခွင့်မပြုသည်ကို ဆီဆိုင်များက ဆက်လက်ဆောက်လုပ် နေကြပါကြောင်း၊ ၎င်းကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အစိုးရကလည်း အတန်တန်တားနေသည့် ကြားထဲက ယခုလို ပြီးစီးအောင်အထိ ဆောက်လုပ်ခြင်းသည် အင်မတန် အတင်‌့ရဲလှပါကြောင်း၊ မည်သူ၏ ခွင်‌့ပြုမိန့်ဖြင့်ဆောက်သနည်း၊ မည်သူ့အားကိုးဖြင့် လုပ်သနည်း၊ ငွေအားကိုးဖြင့်လုပ်ခြင်းလား၊ လူအားကိုးဖြင့် လုပ်ခြင်းလား ဆိုသည်မှာ မေးစရာများ ဖြစ်လာပါကြောင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ကျော်ပြီး တရားမဝင် မည်သည့်အတွက်ကြောင့် တည်ဆောက်ခြင်း ဖြစ်သနည်း။ တရားမဝင်သည်ကို တရားဝင်ဖြစ်အောင်၊ စည်းမျဉ်းစည်းကမ်းနှင်‌့ မညီသည်ကို စည်းမျဉ်းစည်းကမ်းနှင်‌့ မညီညီအောင် မည်သူများက လုပ်ဆောင်ပေးထားပါသနည်း၊ မည်သူများက ခွင့်ပြုပါသနည်း၊ ယခုလို တည်ဆောက်ခြင်းသည် လက်ရှိအစိုးရကို မထီမဲ့မြင်ပြုရာ ရောက်သကဲ့သို့ ပြည်သူ့အစိုးရကို ယုံမှား သံသယများ ဖြစ်ပေါ်စေပါကြောင်း၊ လက်ရှိသွားနေသည့် လမ်းကြောင်းအမှန်ဖြစ်သည့် တရားဥပဒေ စိုးမိုးရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လမ်းကြောင်းများကိုလည်း သွေဖယ်သွားစေပါကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်နိုင်ရန်၊ အဂတိလိုက်စားမှု အကျင့်ပျက်ခြစားမှုများ နည်းပါးအောင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရန်အတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါသည်။