(က)-မက်မန်းမြို့နယ်ရှိ နမ့်နန်းချောင်းမှ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မက်မန်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအနေဖြင့် မက်မန်းမြို့ပေါ်တွင် ကျေးရွာအုပ်စု ငါးခုက ကျေးရွာခုနှစ်ရွာတွင် ဒီဇယ်ဆီစက်နှင့် နေ့စဉ်ညနေ ၆ နာရီမှ ၁၀ နာရီအထိ ၄ နာရီ ကြာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး စီစဉ်ဆောင်ရွက်မှုနှင့် ဆိုလာများထောက်ပံ့ ပေးမှုနှင့် ကျေးရွာမီးလင်းရေးကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိဒီဇယ်သုံးလျှပ်စစ် အင်ဂျင်စက် အနေဖြင့်နေ့စဉ် မီးပေးနိုင်ရန်အတွက် ၁၃၈ မိုင်ဝေးသော ကျိုင်းတုံမြို့မှ လစဉ်ဒီဇယ်စက်သုံးဆီ သယ်ယူမှု ခက်ခဲခြင်း၊ တစ်လလျှင်ဒီဇယ်ဆီဂါလံ ၁၈၃၄ ဂါလံကုန်ကျသည့်အတွက် ရေရှည်တွင် နိုင်ငံတော်ဘဏ္ဍာငွေ နှစ်စဉ်ဆုံးရှုံးကုန်ကျလျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အေးဂျန့်ကျေးရွာအုပ်စု မွန်တို့ကျေးရွာအနီး နမ့်နန်းချောင်းမှ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးအတွက် ၂၅-၂-၂၀၁၈ ရက်နေ့တွင် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဦးစီးအရာရှိမြို့ပြအဖွဲ့နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ လျှပ်စစ်ကျွမ်းကျင် ပညာရှင်များ၊ ဒေသခံကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များနှင့် ကနဦး တိုင်းတာခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊
အဆိုပါ တိုင်းတာခြင်းမှရရှိသော အချက်အလက်များ ပေါ်မူတည်၍ 300 KW ထွက်ရှိနိုင်မည့် စက်ရုံတည်ဆောက်ခြင်း၊ ရေကာတာနှင့်ကွန်ကရစ် ရေသွယ်မြောင်း တည်ဆောက်ခြင်းအတွက် ပူးပေါင်းခွင့်နှင့် တွက်ချက်ခဲ့ရာ ခန့်မှန်ကုန်ကျငွေ ၈၅၀ ကျပ်သန်း ရေအားလျှပ်စစ် ထုတ်လုပ်မည့် စက်ရုံမှ မက်မန်းမြို့သို့ အရှည်လေးမိုင်ကို 11 KVA လိုင်းတည်ဆောက်ခြင်း ကျပ် ၁၀၀ သန်း မက်မန်းမြို့မှ အေးဂျန့်အထိ အရှည်ခြောက်မိုင်ကို 11 KVA လိုင်းတည်ဆောက်ခြင်း ၁၅၆ သန်း ကုန်ကျမည်ဖြစ်ပြီး နမ့်နန်းချောင်းရေအားလျှပ်စစ် စက်ရုံတည်ဆောက် နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲမှု ကော်မတီ မက်မန်းခရိုင်၏ ၁၅-၃-၂၀၁၈ ရက်စွဲပါစာမှတ် (၅/၂၂-၆၀ ၀၇၁) ဦးနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် စီမံကိန်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ် ရန်ပုံငွေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်ရန်ပုံငွေနှင့် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး ပြည်ထောင်စုရန်ပုံငွေဟူ၍ ခွဲခြားလျာထားကာ ပြည်နယ်ဝန်ကြီးချုပ် ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးကို တင်ပြထားရှိခဲ့သော်လည်း လုပ်ငန်းဆောင်ရွက်ခွင့် မရရှိခဲ့ဘဲ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြု စာရင်းတွင်လည်း ဆောင်ရွက်ခွင့် ရရှိရေးအတွက် ထပ်မံထည့်သွင်း လျာထားလျက်ရှိပါကြောင်း၊
မက်မန်းမြို့နယ်သည် ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်လာသည့်အတွက် နမ့်နန်းချောင်း ရေအားလျှပ်စစ် စက်ရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပါက အစိုးရဌာနဆိုင်ရာရုံးများ အနေဖြင့် မီးရရှိမှ ဆောင်ရွက်နိုင်မည့် ရုံးလုပ်ငန်းများကို ညပိုင်းတွင် ဆောင်ရွက်ရန်မလိုဘဲ ရုံးလုပ်ငန်း နှောင့်နှေး ကြန့်ကြာမှုများ အဆင်မပြေမှုများ လျော့နည်းသွားမည်ဖြစ်သကဲ့သို့ ဒေသတွင်းအသေးစား ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး နှစ်စဉ်နိုင်ငံတော်မှ စက်သုံးဆီ ကုန်ကျစရိတ်များ သက်သာခြင်း၊ တိုင်းရင်းသားပြည်သူလူထု၏ လူမှုစီးပွားဘဝ၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာခြင်း စသည့်အချက်များကြောင့် မက်မန်းမြို့နယ်ရှိ နမ့်နန်းချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ် နိုင်ရေးအတွက် ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပြီး အစီအစဉ်မရှိပါကလည်း မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။