(စ)-ဉာဏ်ကျွန်းကျေးလက် ကျန်းမာရေးဌာနခွဲအား ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် လောင်မီး၊ ကမာဖရံ၊ အပိုင်နှင့် ကသဲကုန်းကျေးရွာများတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

သနပ်ပင်မြို့နယ်ရှိ ဉာဏ်ကျွန်းကျေးလက်ကျန်းမာရေးဌာနခွဲအား ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့် ပေးရန်နှင့် လောင်မီး၊ ကမာဖရံ၊ အပိုင်နှင့် ကသဲကုန်းကျေးရွာများတွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

 

သနပ်ပင်မြို့နယ်တွင် လူဦးရေ ၁၇၀၀၀၀ ခန့်ရှိပြီး ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ လေးခုရှိပါကြောင်း၊ မြို့နယ်ဆေးရုံမှာ ၂၅ ခုတင်ဆံ့ရှိပါကြောင်း၊ တိုက်နယ်အဆင့် ကျန်းမာရေးဌာနနှစ်ခုရှိပြီး ကျန်းမာရေးဌာန ငါးခုရှိပါကြောင်း၊ ကျန်းမာရေးဌာနခွဲ ၂၈ ခုရှိပါကြောင်း၊ ကျန်းမာရေးဌာနများတွင် ကျန်းမာရေးမှူး ခြောက်ဦး၊ ကျန်းမာရေး ဆရာမရှစ်ဦးနှင့် ကြီးကြပ် (၂) ၄၄ ဦး၊ သားဖွားဆရာမ ၄၂ ဦး ရှိပါကြောင်း၊ သားဖွားဆရာမတစ်ဦးလျှင် လူ ၃၇၀၀ ခန့်အထိ တာဝန်ယူနေရဆဲ ဖြစ်ပါကြောင်း၊ ဉာဏ်ကျွန်းကျေးရွာတွင် အိမ်ထောင်စု ၈၉၈ စု၊ လူဦးရေ ၃၇၉၁ ဦးရှိပြီး စံကိုက်ကျန်းမာရေးဌာန ဖွင့်လှစ်နိုင်ရန် မြေနေရာနှင့် အခြားလိုအပ်ချက်များလည်း ရှိသည့်အတွက် ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ရန် သင့်တော်ကြောင်း၊ လောင်မီး၊ ကမာဖရံနှင့် အပိုင်ကျေးရွာများတွင် ကျန်းမာရေး ဌာနခွဲများ ဖွင့်လှစ်ပေးရန် ၁၄-၁၀-၂၀၁၆ ရက်စွဲဖြင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပြီး ၉-၃-၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးက ဖြေကြားရာတွင် လောင်မီး၊ ကမာဖရံ၊ အပိုင်ကျေးရွာများတွင် ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှတင်ပြပြီး ကျေးလက်ကျန်းမာရေး ဌာနခွဲဖွင့်လှစ်မည့် နေရာတွင် လိုအပ်လျက်ရှိသည့် ကျန်းမာရေးအခက်အခဲများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး လုပ်ငန်းများအပြင် အခြားကျန်းမာရေး လုပ်ငန်းများအတွက် များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲပါသဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံ ခွင့်ပြုမိန့်ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို ကတိပြုဖြေကြား ခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ အဖြေကိုကြားသိရသည့် ပြည်သူများမှာ အထူးပင်ဝမ်းမြောက် ခဲ့ကြကြောင်း၊ သို့သော်လည်း ဘတ်ဂျက်နှစ်များ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပြီး နှစ်နှစ်ခန့် ကြာသည်အထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်အတွက် ပြည်သူများမှာ ဝမ်းနည်းစိုးရိမ်မှုများ ခံစားလာရပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို မေးခွန်းထုတ်နေကြပါကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကိုလည်း တင်ပြပြီးဖြစ်ပါကြောင်း၊

ဖော်ပြပါ ကတိဖြစ်ပြီးကျေးရွာများအပြင်ကို ကသဲကုန်း၊ ကြက်ပတိုင်လေးနှင့် လာပကစ်ကျေးရွာ များမှာလည်း ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ရန်သင့်တော် ပါကြောင်းနှင့် သနပ်ပင်မြို့နယ်တွင် အမှန်တကယ်လိုအပ်နေသည့် ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲများကို တိုးချဲ့ဖွင့်လှစ်ပေးပါက ပြည်သူများအတွက် ကာကွယ်ဆေးထိုးခြင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုပေးခြင်း၊  သက်ကြီးရွယ်အိုများ စောင့်ရှောက်ခြင်း၊ ကျန်းမာရေးအသိပညာ ပေးခြင်းများနှင့် အခြားလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သနပ်ပင်မြို့နယ်ရှိ ဉာဏ်ကျွန်းကျေးလက် ကျန်းမာရေးဌာနခွဲအား ကျန်းမာရေးဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် လောင်မီး၊ ကမာဖရံ၊ အပိုင်နှင့် ကသဲကုန်းကျေးရွာများတွင် ကျေးလက် ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။