(ခ)- ထောင်ကျအကျဉ်းသားများ၊ ကျသစ်များ၊ ရုံးထုတ်အပြန် အချုပ်သားများ ထောင်တွင်းပြန်ဝင်လာချိန်တွင် X-ray စက်ဖြင့် ရှာဖွေခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
(ခ)-ထောင်ကျအကျဉ်းသားများ၊ ကျသစ်များ၊ ရုံးထုတ်အပြန် အချုပ်သားများ ထောင်တွင်းပြန်ဝင်လာချိန်တွင် ခန္တာကိုယ်အတွင်းသို့ တရားမဝင်ပစ္စည်းများ လျှို့ဝှက်သယ်ဆောင်လာကြောင်း သတင်းရရှိ၍ စအိုအတွင်း လက်ဖြင့်နှိုက်ရှာခြင်းသည် လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးနှင့် မညီညွတ်ပါသဖြင့် X-ray စက်ဖြင့် ရှာဖွေခြင်းကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်မည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတကာတွင် UN ကနေလွှတ်သည့် လူ့အခွင့်အရေးကော်မရှင်ကဲ့သို့သော အဖွဲ့အစည်းမျိုးများ၊ နောက်တစ်ခါ အခြားသော NGO များက လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး တိုင်းတာကြသည့်အခါ ပထမဦးဆုံး အကျဉ်းထောင်များဖြစ်ပါကြောင်း၊ ထို့ကြောင့် အကျဉ်းထောင်များထဲတွင် အများစုသည် လူများ၏ လူ့အခွင့်အရေးကို ချိုးဖောက်သဖြင့် ပြစ်ဒဏ်ပေးခံရသည့် သူများအများစု နေထိုင်ကြသူများ ဖြစ်ပါကြောင်း၊ တဖန် ၎င်းတို့သည် အကျဉ်းထောင်ထဲကို ပြန်ရောက်သည့်အခါ ဥပဒေ၏ အကာအကွယ်ပေးမှု အင်မတန်မှ အနည်းဆုံးပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ နောက်ပြီး သမိုင်းကြောင်းများကို ပြန်ကြည့်မည်ဆိုလျှင်လည်း ထောင်ထဲတွင်ရှိသည့် ညှဉ်းပန်း နှိပ်စက်မှုများ၊ အစားအစာမသန့်ရှင်းမှုများ၊ နေထိုင်မှုကြောင့်ဖြစ်ပေါ်သည့် ပြဿနာများ၊ ဆေးကုသမှုပြဿနာများက သမိုင်းကြောင်း တစ်လျှောက်လုံးတွင်လည်း ပြတိုက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေပါကြောင်း၊ သို့သော်လည်း ခေတ်အဆက်ဆက် အစိုးရများက ပြုပြင်ပြောင်းလဲမှုများ ရှိလာသည့်အတွက်ကြောင့် ယနေ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က Report များ၊ တခြား AAPP က Report များကို ကြည့်လျှင် တိုးတက်မှုများလည်း ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ၎င်းတို့ထဲမှာမှ ဘဏ္ဍာငွေ အနည်းအကျဉ်း သုံးရုံဖြင့် သမိုင်းစာမျက်နှာပေါ်တွင် ကြီးကြီးမားမားရှိနေသည့် အမဲစက်တစ်ခုကို ပယ်ဖျက်နိုင်မည်ဟု ယုံကြည်သဖြင့် အဆိုပါမေးခွန်းကို မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ထိုမေးခွန်း၏ ဇစ်မြစ်က တရားမဝင်သည့် ပစ္စည်းများကို အကျဉ်းသားများကနေပြီး ခန္ဓာကိုယ်ထဲကို ထိုးသွင်းပြီးသယ်ဆောင် လာသော ကိစ္စဖြစ်ပါကြောင်း၊ ထိုအခါ အကျဉ်းထောင်ဘက်မှလည်း ၎င်းကို သတင်းရသည့်အခါ လုံခြုံရေးအရ ရှာကြရပါကြောင်း၊ ပြဿနာက ခန္ဓာကိုယ်ထဲကို လက်ထိုးသွင်းပြီး မွှေနှောက်ရှာဖွေ ရသည့်ကိစ္စဖြစ်ခြင်းကြောင့် သတင်းသဘောအရ တိကျခြင်းလည်းရှိမည်၊ တချို့ရှာမတွေ့သည့် ကိစ္စမျိုးရှိသည့်အခါ လူ့ဂုဏ်သိက္ခာကို ထိခိုက်သည့်အပြင် မလိုလားအပ်သည့် ရောဂါကူးစက်မှု များလည်း ဖြစ်နိုင်သည့်အလားအလာများ အများကြီးရှိပါကြောင်း၊ နောက်ပြီး ICRC ကဲ့သို့ လူ့အခွင့်အရေး အဖွဲ့အစည်းများ ထောင်ထဲရောက် လာသောအခါ အကျဉ်းသားများကို မေးသည့်အတွက် အားလုံးကတန်းစီပြီး ဖြေကြရပါကြောင်း၊ ဖြေကြသည့်အခါ မည်သည့်ကိစ္စမျိုးဖြစ်ဖြစ် လွှတ်တော်ထဲဆိုလျှင် လူ့အခွင့်အရေးကို တန်ဖိုးထားသည့် နိုင်ငံရေးပါတီက ကိုယ်စားလှယ် အသီးသီးရောက်ရှိ နေကြခြင်း ဖြစ်ပါကြောင်း၊ ဒါကို မိမိတို့ ဖြေလျှော့ပေးဖို့ဆိုလျှင် ယခုနောက်ပိုင်း သုံး၍ရသည့် နည်းနာတစ်ခုပေါ်လာပြီ ဖြစ်ပါကြောင်း၊ ၎င်းမှာ X-ray စက်ပေါ်ထိုင်ပြီး စမ်းသပ်လျှင် ခန္ဓာကိုယ်ထဲရှိ ထည့်သွင်းလာသည့် အရာများကို တွေ့မြင်နိုင်ပါကြောင်း၊ တွေ့လျှင်လည်း လက်ဖြင့် နှိုက်စရာမလိုသည့် အခြားနည်းလမ်းကို စဉ်းစား၍လည်းရပါကြောင်း၊ ဥပမာ- ဝမ်းနှုတ်ခြင်းမျိုးများဖြင့် လုပ်၍ရပါကြောင်း၊ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းက X-ray စက်ကိုသုံးခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ယူဆမိပါကြောင်း၊ ထို့ကြောင့် နိဂုံးချုပ်အနေဖြင့် ဘတ်ဂျက်ငွေ အနည်းအကျဉ်းသုံးပြီး အဆိုပါကိစ္စကို ဆောင်ရွက်လိုက်လျှင် မိမိတို့၏ လူ့အခွင့်အရေး သမိုင်းစာမျက်နှာပေါ်ရှိနေသည့် အမဲစက်တစ်စက်ကို ပယ်ပျောက် သွားနိုင်မည် ဖြစ်သဖြင့် X-ray စက်များသုံးခြင်းကို မည်သည့်နှစ်တွင် စပြီးသုံးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။