(စ)-ကနီမြို့နယ်၊ သစ်တောမြေများအတွင်း မြေဧက ၁၀၀ နှင့်အထက် နှစ် ၃၀ ဂရန်လုပ်ပိုင်ခွင့် ချထားခဲ့မှုများတွင် စာချုပ်ပါစည်းကမ်းချက်များကို ချိုးဖောက်နေခဲ့ကြသော်လည်း အဘယ်ကြောင့် အရေးယူဆောင်ရွက်မှုမရှိခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကနီမြို့နယ်၊ သစ်တောမြေများအတွင်း မြေဧက ၁၀၀ နှင့်အထက် နှစ် ၃၀ ဂရန်လုပ်ပိုင်ခွင့် ချထားခဲ့မှုများတွင် စာချုပ်ပါစည်းကမ်းချက်များကို ချိုးဖောက်နေခဲ့ကြသော်လည်း အဘယ်ကြောင့် အရေးယူဆောင်ရွက်မှုမရှိခြင်းနှင့် ကနီမြို့နယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် က ပေါက်အင်းတောင် သစ်တောကြိုးဝိုင်းအတွင်း တင်ဝင်းထွန်းကုမ္ပဏီ၏ နှစ် ၃၀ ဂရန် လုပ်ပိုင်ခွင့် စာချုပ်အား ဖျက်သိမ်းပေးရန် အဆိုအတည်ပြုခဲ့မှုနှင့်စပ်လျဉ်း၍ မည်သို့ဆက်လက် ဆောင်ရွက် ပေးမည်တို့ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
၂၀၀၅-၀၆ ခုနှစ်တွင် သစ်တောမြေ၊ မြေလွတ်၊ မြေရိုင်းများသာမက ဒေသခံတောင်သူများ၏ လက်ရှိ လက်ငုတ်မြေယာများပေါ်တွင် ကြက်ဆူစိုက်ပျိုး လုပ်ကိုင်ခဲ့ကြပါကြောင်း၊ ဦးစီးဌာနတိုင်း ဌာနအလိုက် ကြက်ဆူစိုက်ကွက်များကို တာဝန်ယူအကောင်အထည်ဖော် ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ၎င်းထဲမှာ ပုဂ္ဂလိကလုပ်ငန်းရှင်များလည်း ပါလာပါကြောင်း၊ ကြီးကြီးကျယ်ကျယ် စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ပါကြောင်း၊သို့သော်တည်ဆဲ ဥပဒေများနှင့်အညီ ခွင့်ပြုချက်ရယူစိုက်ပျိုးခဲ့ခြင်း မဟုတ်ပါကြောင်း၊ နှုတ်မိန့်ဖြစ်သာဖြစ်ပါကြောင်း၊ ကြက်ဆူစိုက်ကွင်းတွင် ပါသွားသည့် မူလလက်ရှိ လက်ငုတ်တောင်သူများ ဒုက္ခရောက်ခဲ့ကြပါကြောင်း၊ ကြက်ဆူပင်ကြားထဲတွင် သီးထွက် သီးညှက်အနေဖြင့် လယ်ယာသီးနှံများကို စိုက်ပျိုးခွင့်ရရန် သက်ဆိုင်ရာကြက်ဆူ ဆိုင်းဘုတ်ထောင် ပိုင်ရှင်များကို သီးစားခပေးခဲ့ရခြင်းများလည်း ရှိပါကြောင်း၊ အချို့မှ သီးစားခ ချထားခြင်း မခံရဘဲ အခြားသူကိုပြောင်းပြီး သီးစားခချထားခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် ကြက်ဆူစိုက်ကွက်များကို နှုတ်မိန့်ခွင့်ပြုချက်ဖြင့် ဧကရာထောင်ချီ စိုက်ပျိုးခွင့်ရခဲ့သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များသည် သစ်တောမြေအတွင်း ကျရောက်နေသည့်အတွက် သစ်တောမြေ လုပ်ပိုင်ခွင့်များကို နှစ် ၃၀ ခန့်ရရှိခဲ့ကြပါကြောင်း၊ အချို့မှ မူလကြက်ဆူစိုက်ခွင့် နှစ် ၃၀ ဂရန် ဖြစ်ပြီး၊ တချို့မှ သစ်မာစိုက်ခွင့် နှစ် ၃၀ ဂရန်ရရှိသွားကြခြင်းများ ဖြစ်ပါကြောင်း၊ ကြက်ဆူစိုက်ကွင်း နှစ် ၃၀ ဂရန်ပါစာချုပ်ပါ အကြောင်းအရာများကို လေ့လာကြည့်သည့်အခါ ဧက ၃၂၀၀ လုံး ကြက်ဆူစိုက်ပြီး ဖြစ်သည့်အတွက် နှစ် ၃၀ ဂရန်လုပ်ပိုင်ခွင့်ပေးသည်ဟု ဖော်ပြပါရှိ သော်လည်း တည်ဆဲသစ်တောဥပဒေ ပုဒ်မ၁၂ (က) တွင် သစ်တောမြေအတွင်း စီးပွားရေး လုပ်ငန်းတစ်ရပ် လုပ်ကိုင်လိုလျှင် သစ်တောရေးရာဝန်ကြီးဌာန၏ သဘောတူညီချက်ကို ကြိုတင်ရယူရမည်ဟု ဖော်ပြပါရှိသည့်အတွက် စာချုပ်သည်ဥပဒေနှင့် ညီညွတ်သည့် စာချုပ်မဟုတ်ပါကြောင်း၊ ထို့ကြောင့် စည်းကမ်းချက်များထဲတွင် ကြက်ဆူခွင့်ပြုစိုက်ပျိုးမြေတွင် အခြားသီးနှံပြောင်း စိုက်ပျိုးခြင်းမပြုရဟု ပါပါကြောင်း၊ အခုချိန်တွင် ကြက်ဆူပင်တစ်ပင်မှမရှိဘဲ အခြားအပင်များသာ စိုက်ပျိုးထားခြင်း ဖြစ်ပါကြောင်း၊ စည်းကမ်းချက် တစ်စုံတစ်ရာ ချိုးဖောက်ပါက စာချုပ်ဖျက်သိမ်း၍ မြေသိမ်းယူခြင်းခံရမည်ဟုလည်း ဖော်ပြထားပါကြောင်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ညွှန်ကြားချက်အရ သစ်တောမြေ လုပ်ပိုင်ခွင့်ရယူ ထားမှုများနှင့်ပတ်သက်ပြီး အမှန်တကယ်စိုက်ပျိုး လုပ်ကိုင်ခြင်းရှိ/မရှိ၊ အမှန်တကယ် စိုက်ပျိုးဧရိယာများကို စာချုပ်ပြင်ဆင်ချုပ်ဆိုရန်စသည့် သက်ဆိုင်ရာညွှန်ကြား ချက်အပေါ် သက်ဆိုင်ရာဌာနများက ၈-၁-၂၀၁၇ ရက်နေ့တွင် ကြက်ဆူစိုက်ကွင်းများကို ကွင်းဆင်းစိစစ် တိုင်းတာခဲ့ရာ အခြားအပင်များဧက ၁၉၀ ကျော် စိုက်ပျိုးထားသည်ကို တွေ့ရှိခဲ့သော်လည်း ဝန်ကြီးဌာနမှ အရေးယူဆောင်ရွက် ထားခြင်းမရှိပါကြောင်း၊ အခြားသစ်တော မြေလုပ်ပိုင်ခွင့်ရယူထားသည်များကိုလည်း လေ့လာစိစစ်ခြင်းများလည်း မလုပ်ခဲ့ပါကြောင်း၊ သစ်မာစိုက်ခွင့် နှစ် ၃၀ ဂရန်စည်းကမ်းချက်များတွင် သတ်မှတ်ကာလအတွင်း ဧရိယာအားလုံးတွင် စိုက်ပျိုးရန်နှင့်စိုက်ပျိုးခြင်း မရှိပါက သစ်တောဦးစီးဌာနသို့ ပြန်အပ်ရန်၊ စည်းကမ်းချက် တစ်စုံတစ်ရာ ချိုးဖောက်ပါက စာချုပ်ဖျက်သိမ်းခြင်း၊ မြေပြန်သိမ်းခြင်းစသည်ဖြင့် ပါရှိပါကြောင်း၊ ကနီမြို့နယ်၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က တင်ဝင်းထွန်းကုမ္ပဏီ ကြက်ဆူနှစ် ၃၀ ဂရန် လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး ဂရန်ပါစည်းကမ်းချက်များနှင့် မကိုက်ညီသည့်အတွက် စာချုပ်ဖျက်သိမ်း မြေပြန်သိမ်းရန် အဆိုတင်ခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကနီမြို့နယ်၊ သစ်တောမြေများအတွင်း မြေဧက ၁၀၀ နှင့်အထက် နှစ် ၃၀ ဂရန် လုပ်ပိုင်ခွင့်ချထားခဲ့မှုများတွင် စာချုပ်ပါစည်းကမ်းချက်များကို ချိုးဖောက်နေခဲ့ကြသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သည့်အရေးယူ ဆောင်ရွက်မှုမျှ မရှိသည်မှာ မည်သည့်အတွက်ကြောင့် ဆိုသည်ကိုသိလိုပါကြောင်းနှင့် ကနီမြို့နယ်၊ အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပေါက်အင်းတောင်ကြိုးဝိုင်းအတွင်း တင်ဝင်းထွန်း ကုမ္ပဏီ၏ နှစ် ၃၀ ဂရန် လုပ်ပိုင်ခွင့်စာချုပ်အား ဖျက်သိမ်းပေးရန် အဆိုအတည်ပြုခဲ့မှုနှင့် စပ်လျဉ်း၍ မည်သို့ဆောင်ရွက် ပေးမည်တို့ကို သိလိုရှိလိုပါကြောင်း မေးမြန်းပါသည်။