(ဃ)-ချောက်မြို့နယ်တွင် ဒေသတွင်းစိမ်းလန်းစိုပြည်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် ရွှေပုံတောင်စိမ်းလန်း စိုပြေရေးဧရိယာ အပြင်စည်းနယ်မြေရှိ သက်တမ်းရင်‌့ ပျိုးပင်ကြီးများဖြင်‌့ အရေအတွက်များများ စိုက်ပျိုးသွားရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင်‌့အလမ်းများ ရရှိစေရန်နှင်‌့ ဒေသတွင်းစိမ်းလန်းစိုပြည်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရွှေပုံတောင်စိမ်းလန်း စိုပြေရေးဧရိယာ အပြင်စည်းနယ်မြေရှိ ယခင်အုတ်ရေကန်များအား ပြုပြင်ခြင်း၊ အုတ်ရေကန်သစ်များ ထပ်မံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းများ ပြန်လည်သွယ်တန်း၍ မြစ်ရေတင်စနစ်ဖြင်‌့ ရေလောင်း စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင်‌့ ကုန်ကျစရိတ်များသော်လည်း ရှင်သန်ဖြစ်ထွန်းမှုကောင်းသည်‌့ သက်တမ်းရင်‌့ပျိုးပင်ကြီးများဖြင်‌့ အရေအတွက်များများ စိုက်ပျိုးသွား ရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

 

မိမိတို့ချောက်မြို့၏ ရွှေပုံတောင်စိမ်းလန်းစိုပြေရေး ဧရိယာသည် မြို့၏မြောက်ဘက်နှင့် မြစ်၏အရှေ့ဘက်တွင် ရှိပါကြောင်း၊ လက်ရှိစိမ်းလန်းစိုပြေရေး အောင်မြင်နေသည်မှာ ၂၀၀၁ မှ စပြီး ၂၀၁၈-၁၉ (၆) လအထိ စိုက်ခင်းဧကပေါင်း ၃၈၅၀ ရှိပြီး စိုက်ပင်ပေါင်းကလည်း ခြောက်သိန်းကျော် ရှိပါကြောင်း၊ အောင်မြင်မှုကလည်း ၆၀ ရာခိုင်နှုန်း အောင်မြင်လျက် ရှိပါကြောင်း၊ နောက်တစ်ချက်က ယခုကဲ့သို့ အောင်မြင်နေဖို့အတွက် မြစ်ကနေပြီး လျှပ်စစ်မီးနှင်‌့ ရွှေပုံတောင်ကို တင်ပါကြောင်း၊ တင်ပြီး စိုက်ခဲ့ပါကြောင်း၊ ထို့ကြောင့် အောင်မြင်ခြင်း ဖြစ်ပါကြောင်း၊ မိမိတင်ပြလိုသည်မှာ အပူပိုင်းဒေသ ဖြစ်သည့်အတွက် သစ်ပင်များက မပေါက်ရောက်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ စိုက်သည့် အပင်များက ထနောင်း၊ ကန္တရ၊ သပွတ်ပင်တို့အစရှိသော အပင်များဖြစ်ပါကြောင်း၊ ၎င်းတွင် တင်ရန်အတွက် အုတ်ကန်များကလည်း ပျက်စီးနေပြီဖြစ်သဖြင့် အဆိုပါရွှေပုံတောင်ကို လျှပ်စစ်ဖြင့် တင်ပြီးမှ အုတ်ကန်ဖို့ပို့ပြီးမှ အောက်ကနေတွန်းတင်ပြီး ဖြန့်ရမည်ဖြစ်ပါကြောင်း၊ နေရာများလည်း အများကြီး ကျန်ပါသေးကြောင်း၊ ၎င်းတို့ကို ထပ်ပြီးတိုးချဲ့ လုပ်စေချင်ပါကြောင်း၊ မည်သည့် အတွက်ကြောင့် ဆိုသည်မှာ ပထမစိုက်ထားသည်က ပိုက်ဆံကသန်းပေါင်း ၁၃၆ သန်း ကုန်သွားပြီး ၎င်းတို့ကို ဆက်မလုပ်လျှင် အလကားဖြစ်သွားမည် ဖြစ်သည့်အတွက်ကြောင့် ဆက်ပြီးဆောင်ရွက် စေလိုပါကြောင်း၊ ရွှေပုံတောင်ပတ်ဝန်းကျင်က သစ်ပင်များက စိမ်းလန်းစိုပြေသည့် အခါကျ ရေနံများက အရမ်းထွက်လာပါကြောင်း၊ ယခုမိမိတို့ ဗမာပြည်တွင် ပြည်တွင်းရေနံမှာ ရေနံချောင်း၊ မန်သံမရာကန်၊ ညောင်တုန်း၊ နောက်တစ်ခါ ထောက်ရှာပင်၊ ကျောက်ခွက်အစရှိသည့် ရေနံမြေအားလုံးတွင် မိမိတို့ချောက်က လက်ရှိတစ်နေ့ကို ရေနံစိမ်း ၁၆၀၀ ကျော် ထွက်နေပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင်‌့အလမ်း ရရှိဖို့နှင်‌့ဒေသတွင်း စိမ်းလန်းစိုပြည်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် ရွှေပုံတောင်စိမ်းလန်းစိုပြေရေးအပြင် စည်းနယ်မြေကို အုတ်ကန်ရေများများ ထပ်ဆောက်ခြင်းများ ထပ်တည်ပေးခြင်းများ နောက်ပြီး ရေပိုက်လိုင်းများသွယ်ပေးခြင်းများ လုပ်ပေးရန်အတွက် အစီအစဉ်ရှိ/မရှိနှင့် သစ်ပင်တိုးချဲ့ရာတွင် ရှင်သန်းဖြစ်ထွန်းမှု ကောင်းသည့် သက်တမ်းရင့် ပျိုးပင်ကြီးများကို များများစိုက်နိုင်ခြင်းရှိ/မရှိ မေးမြန်းရခြင်း ဖြစ်ပါသည်။