(ဂ)-တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဆားပြင်ကျေးရွာအုပ်စု၊ ဆားပြင်ကျေးရွာတွင် ရဲကင်းစခန်းတစ်ခု ချမှတ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဆားပြင်ကျေးရွာအုပ်စုသည် ကျေးရွာပေါင်းကိုးရွာ၊ လူဦးရေ ၁၀၀၀၀ နီးပါး နေထိုင်လျက်ရှိသော ကျေးရွာအုပ်စုတစ်ခုဖြစ်ပါကြောင်း၊ ဆားပြင်ကျေးရွာတွင် အိမ်ခြေပေါင်း ၁၉၅၂ အိမ်၊ အိမ်ထောင်စုပေါင်း ၃၂၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ ကျော် နေထိုင်လျက်ရှိသော ရွာတစ်ရွာလည်း ဖြစ်ပါကြောင်း၊ ထို့အပြင် ဆားပြင်ကျေးရွာသည် တောင်ကုတ်မြို့နယ်နှင့် ၂၀ မိုင်၊ မအီမြို့နယ်နှင့် ၂၀ မိုင်၊ လမူးနယ်မြေရဲစခန်းနှင့်လည်း ၁၃ မိုင်ဝေးကွာပါကြောင်း၊ ၁၉၈၂ ခုနှစ်က အထိုင်ရဲကင်းအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ခြင်းလည်း ရှိခဲ့ပါကြောင်း၊ ကျေးရွာအုပ်စုမှာ ရခိုင်ဗုဒ္ဓဘာသာနှင့် ချင်းခရစ်ယာန် လူမျိုးများလည်း နေထိုင်ကြပါကြောင်း၊

အရှေ့ဘက်တွင် ရခိုင်ရိုးမနှင့် ဆက်စပ်လျက်ရှိနေပြီး အနောက်ဘက်တွင် ရမ်းဗြဲမြို့နယ်နှင့် ထိစပ်လျက်ရှိသော ကျေးရွာအုပ်စုတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ကျေးရွာ၌ လူဦးရေ ပိုမိုထူထပ်လာကာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းနှင့် ကျေးလက် ကျန်းမာရေးဌာနများလည်းရှိပြီး ဖြစ်ပါကြောင်း၊ နောက်တစ်ချက်က ဆားပြင်ကျေးရွာ အုပ်စု၏ တောင်ဘက်တွင် ဇနီအုပ်စုကျေးရွာငါးရွာနှင့် အိမ်ခြေ ၅၅၀ ခန့်ရှိပြီး မြောက်ဘက်တွင် ပဒါအုပ်စုနှင့်လည်း ဆက်စပ်လျက်ရှိသော ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လူဦး‌ရေ ထူထပ်လာသည်နှင့်အမျှ ဆက်စပ်ကျေးရွာအုပ်စုများ၏ လုံခြုံရေးမှာလည်း အလွန်အရေးကြီး လာပါကြောင်း၊ အထက်တွင်ဖော်ပြခဲ့သည်‌့အတိုင်း ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်လျက်  ရှိသည့်အတွက် တစ်စုံတစ်ရာပြဿနာဖြစ်လာပါက တရားဥပဒေစိုးမိုးရေးအတွက် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ရဲစခန်းတစ်ခုမဖြစ်မနေ လိုအပ်လျက်ရှိနေပါကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ် အထိ အမှုထမ်းကြီး/ငယ်ပေါင်း ၄၃ မှုဖြစ်ပွားခဲ့သော နယ်မြေလည်း ဖြစ်ပါကြောင်း၊ ဆားပြင်နယ်မြေရဲစခန်း တည်ဆောက်ပေးမည်ဆိုပါက မြေနှစ်ဧကတွင်လည်း အဆင်သင့်ရှိပြီး နောက်ထပ်လိုအပ်ချက် များကိုလည်း ကျေးရွာအုပ်စုအတွင်းမှ ထောက်ပံ့ပေးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်ကုတ်မြို့နယ်အတွင်း လုံခြုံရေးလွှမ်းခြုံ နိုင်ရန်အတွက် ကျေးရွာဒေသများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မှုခင်းများများပြား လာသည့်အတွက် တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးအတွက် ဆားပြင်ကျေးရွာအုပ်စုတွင် ရဲစခန်းတစ်ခုချမှတ် တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။