(က)-မူးယစ်တရားခံတစ်ဦးကို ဖမ်းဆီးမိသောအခါ ကွင်းဆက်တရားခံကို ချက်ချင်းဖော်ထုတ်၍ ဖမ်းဆီးရေး အဖွဲ့အချင်းချင်း ဆက်သွယ်ဖမ်းဆီးနိုင်ရေးကို မြန်မာတစ်နိုင်ငံလုံးသို့ တစ်ပြေးညီညွှန်ကြားချက် ထုတ်ပြန်ပေးနိုင်ရေးနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

2020-12-28

 

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပပျောက်ရေးကို ၁၉၉၀ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်ကစပြီး ၂၀၁၃-၁၄ ခုနှစ်ထိ ၁၅နှစ် စီမံကိန်းနှင့်ဆောင်ရွက်ခဲ့သည်ဟု သိရပါကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးကို အရှိန်အဟုန်နှင့်ဆောင်ရွက်နိုင်ရန် ယခုအစိုးရလက်ထက်တွင်၂၆.၆.၂၀၁၈ရက်နေ့တွင် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနကို နိုင်ငံတော် သမ္မတရုံးတွင် ဖွင့်လှစ်ထားရှိခဲ့ပါကြောင်း၊ လုံခြုံ စိတ်ချစွာ သတင်းပေးတိုင်ကြားနိုင်သည့်အတွက် ၂၃.၂.၂၀၁၉ ရက်နေ့ထိ စုံစမ်းဖော်ထုတ်ချက်များ အရ အမှုပေါင်း ၅၆၂ မှု၊ တရားခံကျား/မပေါင်း ၈၃၃ ဦးကို အမှုဖွင့်အရေးယူနိုင်ခဲ့သည် ဟုသိရှိရ ပါကြောင်း၊  တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သီးခြား ရရှိသော မူးယစ်ဆေးဝါးသတင်းများ အပေါ် စိစစ်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မှ ၂၃ ရက်နေ့ထိ တစ်ပတ်အတွင်း မူးယစ်အမှုပေါင်း၂၅၈ မှု၊ တရားခံကျား/မပေါင်း ၃၄၀ ဦးကို အမှုဖွင့်အရေးယူနိုင်ခဲ့ပါကြောင်း၊၎င်းအပြင် ကွင်းဆက်ဖော်ထုတ်မှုများအရ တရားခံအမျိုးသားနှစ်ဦးထံမှ စိတ်ကြွဆေးပြား ၄၀၀၀၊ ဘိန်းဖြူ ၁၈၀ ဂရမ်၊ အခြားတရားခံအမျိုးသားတစ်ဦးထံမှ Ice ၆၇၆၆၀ ဂရမ်နှင့်Fluca ကားတစ်စီး၊ အခြား ကွင်းဆက်ဖော်ထုတ်ချက်အရ တရားခံနေအိမ်မှ ၉မမG ၅၉ တောင့်၊ ၅.၅၆G ၈၀ တောင့် စသည်အားဖြင်‌့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ကို တွေ့ရှိရခြင်းအားဖြင့် ကွင်းဆက်ဖော်ထုတ်စစ်ဆေးမှု သည် အလွန်အကျိုးရှိထိရာက်သော လုပ်ဆောင်ချက်ဖြစ်ပါကြောင်း၊ တချို့မြို့နယ်များတွင် ကွင်းဆက်ဖော်ထုတ် စစ်ဆေးမှုကြောင့် သုံးဆက်အထိ မူးယစ်တရားခံဖမ်းဆီး မိခြင်းများကို တွေ့ရှိရပါကြောင်း၊ မူးယစ်ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေးအဖွဲ့ အစည်းအနေဖြင့် လူထုနှင့်ဆိုင်သည့် နေရာများတွင် ဖမ်းဆီးပြီး သက်ဆိုင်ရာဖမ်းဆီးရေး အဖွဲ့များကို အပ်နှံခြင်း၊ ဖမ်းဆီးရေးအဖွဲ့များကို တိကျစွာသတင်းပေး တိုင်ကြားခြင်း၊ လိုအပ်ပါက ကိုယ်တိုင်လိုက်ပါ ဆောင်ရွက်ပေးခြင်း စသည်ဖြင့် တတ်စွမ်းသမျှ ဆောင်ရွက်ပေးနေကြသည်မှာ အမှုပေါင်း ၅၈ မှုထိ ရရှိခဲ့ပါကြောင်း၊  သို့သော် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းသည် သိသိသာသာ လျော့ကျသွားခြင်း မရှိပါကြောင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းအတွက်  ငွေကြေးအရင်းအနှီးများစွာ မလိုအပ်ဘဲ ပုံစံအမျိုးမျိုးနှင့် ရှင်သန်နေသည့် အရောင်းအဝယ်လောက ဖြစ်နေပါကြောင်း၊ တဖြည်းဖြည်းနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်‌ရေး၊ ပညာရေး၊ ကျန်းမာရေးအစစ ဆုတ်ယုတ်လာနိုင်သည့် အခြေအနေ တွင်ရှိပါကြောင်း။

မြို့နယ်၏ တောင်ဘက်အစွန်ဆုံး ကျေးရွာဖြစ်သည့် မိုင်းချောင်းကျေးရွာအုပ်စု၊ ရွာသာ ရွာကိုဘိမ်းဖြူ စတင်ရောက်ရှိသည့် ၂၀၁၆ ခုနှစ်ကစပြီးမှ စုစုပေါင်း ၃၄ ယောက် သေဆုံးပါကြောင်း၊ ကျား ၃၂ ယောက်၊ မ ၂ ယောက်ဖြစ်ပြီး သေဆုံးသူများမှ အသက် ၂၀ နှင့် ၅၅ နှစ်ကြား ဖြစ်သည့်အတွက် အသက်အရွယ်အကောင်းဆုံး လုပ်သားအင်အားများကို နိုင်ငံကဆုံးရှုံး လိုက်ရခြင်းဖြစ်ပါကြောင်း၊ ဖောင်းပြင်နှင့် ၃၄ မိုင်ကွာဝေးသည်ဆိုသော်လည်း အဆိုပါ ရွာနှင့်လေးမိုင်သာဝေးသည့် မိုင်း‌ချောင်း ကျေးရွာတွင် ရဲအုပ်အဆင့်ဦးစီးသည့် ရဲကင်းစခန်းတစ်ခု ရှိပါကြောင်း၊  မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းသည် အခြားသော တရားမဝင်လုပ်ငန်းများ၊ ဒုစရိုက်မှုများအားလုံးနှင့် ဆက်သွယ်နေ သည့်အတွက် ကောင်းစွာတားဆီး ကာကွယ်ရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ မြို့နယ်တစ်မြို့နယ်အတွင်းရှိနေကြသည့် ကြီးမားသော မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ဖမ်းဆီးနိုင်ရေး၊ နိုင်ငံအတွင်း ထုတ်လုပ်နေကြသည့် ပင်ရင်းဌာနများကို ဖမ်းဆီးနိုင်ရေးအတွက် ကွင်းဆက်တရားခံများကို ဆက်တိုက်ဖော်ထုတ်ပြီး ဖမ်းဆီးရေး အဖွဲ့အချင်းချင်း ဆက်သွယ်ဆောင်ရွက်နိုင်ကြရန် မြန်မာတစ်နိုင်ငံလုံးသို့ တစ်ပြေးညီ ညွှန်ကြားပေးနိုင်ခြင်းရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။