(ဂ)-ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ ဆက်သွယ်ရန် ဟင်္သာတ-လက်ပံတန်း (ဧရာဝတီမြစ်ကူးတံတား) တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဧရာဝတီတိုင်းဒေသကြီးမှ ပဲခူးတိုင်းဒေသကြီးသို့ မီးရထားဖြင့် ခရီးသွားလာမည်ဆိုပါက ဟင်္သာတမြို့မှ သာရဝေါဘူတာမှတစ်ဆင့် လက်ပံတန်းမြို့၊ ရန်ကုန်မြို့၊ ပြည်မြို့နှင့်အခြားမြို့များသို့ ဟင်္သာတမြို့မှ သာရဝေါဘက်ကမ်းသို့ စက်လှေများဖြင့်ကူးပြီး မီးရထား၊ ကားများဖြင့်ခက်ခဲစွာ ဖြတ်သန်းသွားလာ နေကြရပါကြောင်း၊ ဧရာဝတီတံတား တည်ဆောက်ပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်း ဒေသကြီးတို့အား အနီးဆုံးဆက်သွယ် နိုင်မည်ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘဝတစ်ဟုန်ထိုး တိုးတက်လာမည် ဖြစ်ပါကြောင်း၊
ပဲခူးတိုင်းဒေသကြီးအတွင်း ကြုံလဟာလက်ပံတုန်း မဟာဗျူဟာလမ်းမကြီးလည်းရှိနေ၍ ထိုတံတား မှတစ်ဆင့် ရန်ကုန်မြို့၊ ပဲခူးမြို့၊နေပြည်တော်နှင့် အခြားမြို့များသို့ အချိန်ကုန်သက်သာပြီး လွယ်ကူ လျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်သောကြောင့် ပြည်သူများ၏ လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ဧရာဝတီတံတားတည်ဆောက်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးမီးရထားနှင့် ကားနှစ်မျိုးလုံးအသုံးပြုနိုင်သော အရှည်ဆုံးနှစ်ထပ် တံတားဖြစ်ခြင်း၊ ဆောက်လုပ်ရေးနည်းပညာများ ရရှိနိုင်ခြင်း၊ မြန်မာအင်ဂျင်နီယာများ၏ စွမ်းပကားကို မျိုးဆက်သစ် အင်ဂျင်နီယာများ လက်ဆင့်ကမ်းလေ့လာနိုင်ခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့်ဟင်္သာတမြို့၊ နေပြည်တော်မြို့၊ မြစ်ကြီးနားမြို့သို့လည်းကောင်း၊ ရန်ကုန်မြို့၊ ပဲခူးမြို့၊ ဟင်္သာတမြို့မှ ရခိုင်ပြည်နယ် သို့လည်းကောင်း လွယ်ကူလျင်မြန်စွာ ဆက်သွယ်သွားလာနိုင်ခြင်း၊ မီးရထားဖြင့်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း အားဖြင့် ကုန်ကျစရိတ်လျော့နည်းသက်သာလာနိုင်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကာလများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ ဆက်သွယ်သော ဟင်္သာတ-လက်ပံတန်း (ဧရာဝတီမြစ်ကူးတံတား) တည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။