(ခ)-ထားဝယ်မြို့တွင် မြို့ရှောင်လမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် ပြည်ထောင်စုလမ်းမကြီး ပေါ်တွင်တည်ရှိပြီး ကချင် ပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အထိ တိုက်ရိုက်သွားနိုင်သည့် လမ်းမကြီးပေါ်တွင် တည်ရှိပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီး တောက်လျှောက်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်အသွယ်သွယ်ဖြင့် သွားလာနေကြပါကြောင်း၊ အထူးသဖြင့် ထားဝယ်မြို့ကို မော်တော်ယာဉ်များ ဖြတ်သည့်အခါ မြို့တွင်းကို ဖြတ်ရပါကြောင်း၊ မြို့တွင်းကိုဖြတ်သည့်အခါ အိမ်ရှေ့ပြင်ရပ်ကွက်၊ ဗျောတောဝရပ်ကွက်၊ ကျောက်မော်ကြီးရပ်ကွက်၊ ကျောက်မော်ရပ်ကွက် များကို ဖြတ်ပြီးသွားရပါကြောင်း၊ ကုန်တင်ယာဉ်များ အကြီးများဖြတ်သွားသည့်အခါ လမ်းကျဉ်း သည့်အတွက် လမ်းပိတ်ဆို့မှု များဖြစ်ပါကြောင်း၊ လမ်းပိတ်ဆို့မှုဖြစ်သည့် အတွက်ကြောင့် မော်တော်ယာဉ်များလည်း အချိန်ကုန်ပါကြောင်း၊ ထို့ကြောင့် ၎င်းအခက်အခဲများကို ကျော်လွှား နိုင်အောင် မြို့ရှောင်လမ်း ဖောက်မည်ဆိုပါက တစ်မိုင်လောက်သာ ဖောက်ရမည့်အတွက်ကြောင့် ထားဝယ်မြို့တွင် မြို့ရှောင်လမ်းတစ်ခု ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။