(က)-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၀ ခုနှစ်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးမည့်သူများ၏စာရင်းကို အတိအကျဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာစွာသိရှိစေရန်အတွက် မည်ကဲ့သို့စီစဉ်ဆောက်ရွက်ထားသည်နှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးမည့်သူများ၏ စာရင်းကို အတိအကျဖြစ်စေရန် မည်သို့စီစဉ်ဆောင်ရွက် ထားပြီး အဆိုပါ ဆောင်ရွက်ချက်ကို မဲဆန္ဒရှင်ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိစေရန်အတွက် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
အုတ်တွင်းမြို့နယ်တွင် မကြာသေးမီက ပြုလုပ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေသခံပြည်သူများအနေဖြင့် မဲပေးလိုသည့်အတွက်ကြောင့် စိတ်ပါဝင်စားစွာဖြင့် မဲရုံသို့လာရောက် ကြသော်လည်း မဲပေးရမည့်စာရင်းတွင် မပါဝင်ခြင်းကြောင့် မဲပေးခွင့်မရရှိဘဲ နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးခဲ့ရသည့် အတွက်ကြောင့် မေးမြန်းရခြင်း ဖြစ်ပါသည်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် အုတ်တွင်းမြို့နယ် တိုင်းဒေသကြီး (၁) အတွက် မဲပေးရန် မဲရုံပေါင်း ၇၂ ရုံ ရှိသည့်အနက် တပ်မဲရုံများ မပါ ကျန်မဲရုံပေါင်း ၆၀ ကျော်တွင် ဤကဲ့သို့ မဲဆန္ဒရှင်ပြည်သူများ မဲရုံသို့လာရောက်ပြီး မဲပေးခွင့်မရရှိဘဲ ပြန်သွားရသည့်သူများသည် မဲရုံတိုင်းတွင် မဲရုံတစ်ရုံကို အနည်းဆုံး ၃၅ ဦးခန့် ရှိပါကြောင်း၊
မဲပေးချင်သဖြင့် မဲရုံကိုလာသူများက မဲပေးခွင့် မရရှိကြသော်လည်း သေဆုံးသူများ၏ စာရင်းများက မဲစာရင်းတွင် ပြည့်စုံစွာရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ ဖွဲ့စည်းရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲပေါင်း ၁၄၇၃၄ ရှိကြောင်း စာရင်းဇယားများအရ သိရသည့်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင်များ၏ စွမ်းဆောင်မှုအရည်အသွေး မြင့်တင်ပေးခြင်း၊ ပြည့်စုံမှန်ကန်သော မဲစာရင်းများ ပြုစုခြင်းဆိုသည့် တာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်ပါကြောင်း၊ မြေပြင်ပကတိ အနေအထားအရ ပေါ်လွင်နေသည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ မူဝါဒများ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲများနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှု မြင့်မားစေမည်ဖြစ်ပြီး စစ်မှန်ခိုင်မာသော ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် ရှေးကောက်ပွဲများကို လွတ်လပ်၍တရားမျှတပြီး တူညီသော အခွင့်အရေးဖြင့် ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပပေးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများက ယုံကြည်လက်ခံစေခြင်းကို အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊
ယခင်ရွေးကောက်ပွဲတွင် အသက်အရွယ် ၁၃ နှစ်နှင့်အထက်ရှိသည့် လူငယ်များလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်သည့်အသက်အရွယ် ၁၈ နှစ်သို့ ရောက်ရှိနေပြီ ဖြစ်ပါ၍ ၎င်းစာရင်းကိုလည်း သေချာစွာလုပ်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မဲဆန္ဒပေးရာတွင် ပြဿနာအမြဲ ပေးတတ်သည့် ကြိုတင်မဲပေးနိုင်မည့် သူစာရင်းများကိုလည်း သေချာစွာကောက်ယူပြီး ကြိုတင်မဲပေးခြင်းဆိုင်ရာ ရွေးကောက်ပွဲဥပဒေအရ စနစ်တကျ ကြိုတင်လုပ်ဆောင် ပေးရန်နှင့် ရွှေ့ပြောင်းလုပ်သား များအတွက်လည်း မဲပေးမည့်အချိန်တွင် ပြန်လည်လာရောက်ပြီး မဲပေးနိုင်ရေး အဆင်ပြေလွယ်ကူစေမည့် နည်းလမ်းများကို ဆောင်ရွက်ပေးရန်နှင့် မဲစာရင်းတွင် အတိအကျ ပါဝင်စေရန် လိုအပ်နေပါကြောင်း၊ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုရန်လျာထားသည့် ဘတ်ဂျက်များကိုလည်း အောက်ခြေရပ်/ကျေး ကော်မရှင်အထိ အဆင့်ဆင့်တိကျစွာ သုံးစွဲရန်လည်း လိုအပ်ပါကြောင်း၊ သို့မှသာ နေ့တွက်စရိတ် အပြည့်အဝရရှိသော အဆင့်ဆင့်ကော်မရှင် များသည်လည်း မိမိတို့လုပ်ဆောင်ရမည့်တာဝန်ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်လိုစိတ်များ ပြည့်ဝစေမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ရွေးကောက်ပွဲကျင်းပမည့် အချိန်တွင် ရှိမည့်မဲပေးနိုင်သူ စာရင်းကိုအတိအကျ ထုတ်ပေးရန်များစွာ လိုအပ်လျက် ရှိပါသောကြောင့် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။