(ခ)-မဘိမ်းမြို့နယ်ရှိ မိုးကုတ်-မိုးမိတ်-မဘိမ်း-ဗန်းမော် ဗျူဟာလမ်းပေါ်ရှိ နမ့်ပေါ်ချောင်းရေကျော်အား ကွန်ကရစ်တံတား(သို့)ဘေလီတံတား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

မဘိမ်းမြို့သည် မိုးကုတ်-မိုးမိတ်-မဘိမ်း-မံစီ-ဗန်းမော် ဗျူဟာလမ်းပေါ်တွင် တည်ရှိပါကြောင်း၊ ရှမ်းပြည်နယ်၏ မြောက်ဘက်အစွန်း ကချင်ပြည်နယ်နှင့် ဆက်စပ်နေပါကြောင်း၊ ယခု ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်ကို ဆက်သွယ်ထားသည့်လမ်းသည် ဟိုးယခင်က ကောင်းမွန်ပြီး မိုးကုတ်မှ ဗန်းမော်အထိ လိုင်းကားများသွားခဲ့ရပါကြောင်း၊ ပြီးခဲ့သည့်ကာလများတွင် အဆိုပါလမ်းကို ပြုပြင်မှု၊ ထိန်းသိမ်းမှုမရှိသည့်အတွက် ယခုဆိုလျှင် ၎င်းလမ်းသည် သွားလာ၍ မရသေးပါကြောင်း၊ ဒုတိယပုံမှန်အစည်းအဝေး (၃၆) ရက်မြောက်နေ့က မေးမြန်းသည့်အခါ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၂၀၂၀ ခုနှစ်တွင် အပြီးလုပ်ပေးပါမည်ဟု ဖြေကြားခဲ့ပါကြောင်း၊ မိမိမေးမည့်တံတားက အဆိုပါလမ်းပေါ်တွင် မဘိမ်းမြို့ကနေပြီး ၂၅ မိုင်ခန့်ဝေးသည့် စီပိန်းဆိုသည့် ရွာနားလေးတွင် ရှိပါကြောင်း၊ နမ့်ပေါ်ချောင်းကို ယခင်က ရေကျော်လုပ်ပေးထားပါကြောင်း၊ ယခု ၎င်းရေကျော်သည် မကောင်းဘဲ ပျက်စီးနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းနေရာတွင် ရေကျော်အစား တံတားတစ်စင်း တည်ဆောက်ပေးရန် လိုအပ်နေခြင်းဖြစ်ပါကြောင်း၊

သို့ဖြစ်ပါသောကြောင့် မဘိမ်းမြို့နယ်အတွင်း လိုအပ်နေခြင်းဖြစ်သည့်အတွက် မဘိမ်းမြို့နယ်ရှိ မိုးကုတ်-မိုးမိတ်-မဘိမ်း-ဗန်းမော် ဗျူဟာလမ်းပေါ်ရှိသည့် နမ့်ပေါ်ချောင်းရေကျော်ကို ကွန်ကရစ်တံတား (သို့) ဘေလီတံတား ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။