(ဃ)-ကျောက်ကြီးမြို့နယ်၊ တုံးကြီးအုပ်စုအတွင်း တောင်ငူတန်း ရှမ်းချောင်းသံပေါင်ဘေလီ တံတားနှင့် ရှမ်းချောင်းရွာတွင်း ရှမ်းချောင်းသံပေါင် ဘေလီတံတားနှစ်စင်းတို့အား ၂၀၁၉ ခုနှစ် မိုးရာသီမတိုင်မီ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
တုံးကြီးကျေးရွာအုပ်စုသည် ကျောက်ကြီးမြို့နယ်၏ မြောက်ဘက်မြို့နှင့် ကပ်လျက်ရှိသော ကျေးရွာအုပ်စု တစ်ခုဖြစ်ပါကြောင်း၊ မြို့နယ်စည်ပင် နယ်နိမိတ်အတွင်းလည်း မကျရောက်ပါကြောင်း၊ ကျောက်ကြီးမြို့ပေါ်ရှိ တောင်ငူတန်းရပ်ကွက်နှင့် ကပ်လျက်ရှိပြီး ရှမ်းချောင်း (ခ) တောင်ကျချောင်း တစ်စင်းက ပိုင်းခြားထားပါကြောင်း၊ အဆိုပါ တောင်ကျချောင်းကိုဖြတ်လျက် ကျောက်ကြီးမြို့သို့ ရောက်ရှိစေရန် ကိုယ့်အားကိုယ်ကိုး သစ်သားတံတားနှစ်စင်းကို ယခင်က တည်ဆောက်အသုံးပြု၍ သွားလာနေကြရပါကြောင်း၊ တောင်ငူတန်းတံတားတွင် အရှည်ပေ ၆၀၊ အကျယ် ၁၄ ပေ၊ အမြင့် ၁၂ ပေရှိပြီး ၁၉၁၈ ခုနှစ်က ကိုယ့်အားကိုယ်ကိုး တည်ဆောက် အသုံးပြုပါကြောင်း၊ ဖန်ငါးကုန်းကျေးရွာ၊ တန်ဖိုရွာ၊ ရှမ်းချောင်းရွာ၊ တုံးကြီးရွာ၊ ကပ်ကျေးရပ်ရွာနှင့် တောင်ငူတန်းရပ်ကွက်တို့မှ ပြည်သူများသည် ၎င်းတံတားနှစ်စင်းကို အသုံးပြု၍ မြို့ပေါ်နှင့် ကျေးလက်များသို့ ကူးသန်းရောင်းဝယ် သွားလာနေကြရပါကြောင်း၊ တစ်နေ့လျှင် ပျမ်းမျှလူဦးရေ ၆၀၀ ခန့် အသုံးပြုနေကြောင်းလည်း သိရှိရပါကြောင်း၊ သို့သော် ၂၀၁၈ ခုနှစ် ရေကြီးရေလျှံဖြစ်ပေါ်ပြီး တံတားများသည် ယိုင်နဲ့ပြီး အန္တရာယ်တံတားများ အဖြစ်သို့ ကျရောက်နေပါကြောင်း၊ ထို့ကြောင့် ကျေးလက်လမ်း၊ တံတားဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့အား ဆောက်လုပ်ပေးရန် အကူအညီ တောင်းခဲ့သော်လည်း သက်ဆိုင်ရာဦးစီးဌာနများမှ မိမိတို့စာရင်းတွင် Register မရှိကြောင်း ပြောသဖြင့် အဆိုပါမေးခွန်းအား မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
ယခုတံတားနှစ်စင်းသည် သံပေါင်ဘေလီတံတား တောင်းရခြင်း၏ ရည်ရွယ်ချက်မှာ ကျောက်ကြီး မြို့နယ်ကိုဖြတ်သွားသော တောင်ငူ-မုပလ္လင်းလမ်းပိုင်းပေါ်ရှိ သံပေါင်ဘေလီ တံတားများအား သံကူကွန်ကရစ်တံတားများအဖြစ် အဆင့်တိုးလိုက်ပြီးဖြစ်သဖြင့် ပိုနေသောသံပေါင် ဘေလီတံတား များဖြင့် အစားထိုးခြင်းဖြင့် နိုင်ငံတော်၏ ငွေကြေးကုန်ကျမှု သက်သာစေရန် ရည်ရွယ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တုံးကြီးအုပ်စုအတွင်း ပါဝင်နေသော တောင်ငူတန်းရပ်ကွက်၊ ရှမ်းချောင်းသံပေါင် ဘေလီတံတားနှင့် ရှမ်းချောင်းရွာအတွင်းရှိ ရှမ်းချောင်း သံပေါင်ဘေလီတံတား နှစ်စင်းအား ၂၀၁၉ ခုနှစ် မိုးရာသီမတိုင်မီ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်မရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။