(င)-အိမ်မဲမြို့နယ်ရှိ ကွင်းကလေး-ကြို့ကုန်းလမ်းကို ရာသီမရွေးသွားလာနိုင်သော ကွန်ကရစ်လမ်းအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
အဆိုပါလမ်းသည် ၂၀၁၈-၁၉ ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စု လွှတ်တော်အတည်ပြုပြီး့မှ ဘတ်ဂျက်လျှော့ခံရသဖြင့် မရရှိခဲ့သည့်လမ်း ဖြစ်ပါကြောင်း၊ ၂၀၁၈-၁၉ တစ်နှစ်ဘတ်ဂျက်တွင်လည်း ထပ်မံမျှော်လင့်ပါသေးကြောင်း၊ သို့သော် အဆိုပါလမ်းသည် ပါဝင်လာခြင်း မရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ၎င်းလမ်းများ ပါဝင်ခြင်းရှိမည်လားဆိုသည့် မျှော်လင့်ချက်ဖြင့် မေးရခြင်းဖြစ်ပါကြောင်း၊ ထိုလမ်းသည် တစ်မိုင်နှင့် ၆ ဖာလုံ အရှည်ရှိပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းအဖြစ် ဖြစ်ခဲ့ပါကြောင်း၊ တချို့နေရာများတွင် ကျောက်ချောလမ်းပြီး၊ အချို့နေရာများတွင် လမ်းပျက်သည့်အတွက် မြေသားလမ်းအသွင် ဖြစ်နေပါကြောင်း၊ အမှန်တကယ် ၎င်းလမ်းသည် ကျေးရွာ ၁၈ ရွာအထိ ထိစပ်နေပြီး ကြို့ကုန်း အထက်တန်းကျောင်းကို ရွာအနီးချုပ်စပ်က ကျောင်းလာတက်သည့် သူများအလွန်များသည့်အတွက် ကျောင်းသားလမ်းကဲ့သို့ ဖြစ်နေပါကြောင်း၊ အိမ်ထောင်စုပေါင်း ၁၄၀၀ ခန့်ကို အကျိုးပြုပြီး တစ်ဖက်တွင် ရန်ကုန်-မြောင်းမြလမ်းကို ဦးတိုက်နေသည့် Class (A) အဆင့်ရှိသည့်လမ်း ဖြစ်ပါကြောင်း၊ တစ်ဖက်ကလမ်းအဆုံးတွင် အိမ်မဲတူးမြောင်း တံတားမှတစ်ဆင့် အိမ်မဲမြို့ကို တိုက်ရိုက်ဝင်ရောက်နိုင်သည့် အတိုဆုံးလမ်းလည်း ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ၂၀၁၈-၁၉ ခြောက်လဘတ်ဂျက်ကတည်းက မျှော်လင့်နေပါကြောင်း၊ ယခုမိမိတို့ မြို့နယ်တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအသီးသီးပါဝင်သည့် စီမံကိန်းရေးဆွဲရေး ကော်မတီကလည်း ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်းကို ဦးစားပေးအနေဖြင့် ရေးဆွဲထားခြင်း ဖြစ်သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုလမ်းလေးကို ဦးစားပေးထည့်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးရခြင်းဖြစ်ပါသည်။