(စ)-ပူတာအိုမြို့နယ်၊ မြို့မရပ်ကွက်အတွင်းရှိ ဆောက်လုပ်ရေးပိုင် လမ်းမကြီးပေါ်တွင် ကျူးကျော် တည်ဆောက်ထားသော ဈေးဆိုင် (၈) ခန်းအား အမြန်ဆုံးဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

မြို့မရပ်ကွက်သည် ပူတာအိုမြို့နယ်၏ အလယ်တွင်ကျရောက်ပြီး လူဦးရေများသော မြို့ပေါ်ရပ်ကွက် တစ်ခုလည်း ဖြစ်ပါကြောင်း၊ မြို့မရပ်ကွက်အတွင်း ခရိုင်/မြို့နယ် အစိုးရဌာနရုံးများ၊ မြို့နယ် အားကစားကွင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ စည်ပင်သာယာဈေးနှင့် မြို့တော်ခန်းမတည်ရှိသော ရပ်ကွက်တစ်ခုလည်း ဖြစ်သောကြောင့် ရပ်ကွက်နှင့်ပြည်သူများ၊ အစိုးရဝန်ထမ်များနှင့် ဒေသခံ မိဘပြည်သူများ သွားလာမှုများပြားသော ရပ်ကွက်တစ်ခုလည်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဆိုင်ခန်းများကို ကွင်းဆင်းကြည့်ရှုသည့်အခါ ယခင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနိုင်လွင်ဦး အမည်ဖြင့် ဆိုင်ခန်းအဆောက်အဦ နှစ်လုံးတည်ဆောက်ထားရှိမှုကို တွေ့ရှိရပါကြောင်း၊ အဆောက်အဦ (၁) သည် ပြည်ထောင်စုလမ်းမဗဟိုမှ ပျမ်းမျှအကွာအဝေး ၂၅ ပေတွင် တည်ရှိပြီး အဆောက်အဦသည် လမ်းနယ်အတွင်း လုံးဝကျရောက်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆောက်အဦ (၂) သည်လည်း ပြည်ထောင်စုလမ်းမ ဗဟိုပျမ်းမျှအကွာအဝေး ၂၂ ပေတွင် တည်ရှိပြီး အဆောက်အဦသည် လမ်းလမ်းနယ်အတွင်း လုံးဝကျရောက်လျက် ရှိသည်ကို တွေ့ရှိရပါကြောင်း၊

အဆိုပါ အဆောက်အဦနှစ်ခုတွင် ဖွင့်လှစ်ထားသော ဆိုင်ခန်းများမှာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့်လည်း ဈေးဆိုင်ခန်းများနှင့် ပတ်သက်၍ အခွန်အခကောက်ခံခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ တချို့ဆိုင်ခန်းများကို ဦးနိုင်လွင်ဦးအမည်ဖြင့် ဆိုင်ခန်းများဖွင့်လှစ်ပြီး ဆိုင်ခန်းများကို တစ်ဆင့်ငှားရမ်းထားသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မိမိတို့ပူတာအိုမြို့၊ မြို့မရပ်ကွက် ပြည်ထောင်စုလမ်းမကြီး၏ လမ်းနယ်ဧရိယာအပေါ်တွင် တည်ဆောက်ထားပြီး ကျူးကျော်ဆိုင်ခန်းများ၏ နောက်ဘက်တွင် အုတ်တံတိုင်းခတ်ထားသည်မှာ ပြန်ကြားရေးဦးစီးဌာန အနေဖြင့် လမ်းဧရိယာကို တိုင်းပြီးမှခတ်ထားခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပူတာအိုမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ဆောက်လုပ်ရေးလမ်းမကြီး ဧရိယာပေါ်တွင် ကျူးကျော်ဆောင်ရွက်ထားသော ဈေးဆိုင်ခန်းများအား အမြန်ဆုံးဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။