(ဆ)-ရခိုင်ကျေးရွာများနှင့် ချင်းအမျိုးသားကျေးရွာများ ဆက်သွယ်သွားလာရေး လွယ်ကူအဆင်ပြေ စေရေးအတွက် ဟုန်းချောင်းဖျားကိုဖြတ်၍ ဘေလီတံတား သို့မဟုတ် သံကူကွန်ကရစ်တံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-28

 

ရမ်းဗြဲမြို့နယ်၊ ဟုန်းချောင်းဖျားဒေသရှိ ရခိုင်ကျေးရွာများနှင့် ချင်းအမျိုးသားကျေးရွာများ ဆက်သွယ်သွားလာရေး လွယ်ကူအဆင်ပြေစေရေးအတွက် ဟုန်းချောင်းဖျားကိုဖြတ်၍ ဘေလီ တံတား သို့မဟုတ် သံကူကွန်ကရစ်တံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်း သည့် မေးခွန်း

 

ရမ်းဗြဲမြို့နယ်ဒေသသည် မြစ်ချောင်းများ၊ တောတောင်များရှိသည့် ဒေသတစ်ခု ဖြစ်သည့်အတွက် ဒေသတစ်ခုမှတစ်ခုသို့ ဆက်သွယ်သွားလာရာတွင် မြစ်ချောင်းများကို အသုံးပြုဆက်သွယ် သွားလာနေကြရပါကြောင်း၊ ရမ်းဗြဲမြို့နယ်ရှိ လမ်းများအနက် ရမ်းဗြဲမြို့မှ ကျောက်နီမော်ဒေသသို့ ဆက်သွယ်ထားသော မော်တော်ကားလမ်းမှာ ၂၅ မိုင်ကျော်ရှည်လျားပြီး မြို့နယ်၏ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသော လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ ဤဒေသတွင် ဆက်သွယ်သွားလာရေး ခက်ခဲသဖြင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အခက်အခဲဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ဒေသမှာ ဟုန်းချောင်းဖျားဒေသ ဖြစ်ပါကြောင်း၊ ဟုန်းချောင်းဖျားဒေသတွင် သင်းပန်းချိန်ကျေးရွာ၊ တောကြားကျေးရွာ၊ ဆေးသမားကျေးရွာစသည့် ရခိုင်ကျေးရွာသုံးရွာနှင့် ထောက်ကြန့်တော ကျေးရွာ၊ သင်္ကန်းဖြူကျေးရွာ ချင်းအမျိုးသားများနေထိုင်ရာ ကျေးရွာနှစ်ရွာလည်း ရှိပါကြောင်း၊  ၎င်း ကျေးရွာများသည် ရမ်းဗြဲကျွန်း၏ တောတောင်အထူထပ်ဆုံး ဒေသဖြစ်သည့် ဇီးခါးတောင်ခြေတွင်ရှိသည့် ထောက်ကြန့်တောကျေးရွာနှင့် သင်္ကန်းဖြူကျေးရွာတို့တွင် ဇီးခေါတောထဲမှာရှိသည့် မိုးရာသီရေစီးပြင်းထန်သည့် ဟုန်းချောင်းဖျားကို ယာယီဝါးတံတားထိုး အသုံးပြုဆက်သွယ်သွားလာ နေကြရသဖြင့် များစွာအခက်အခဲ ကြုံတွေ့နေကြရပါကြောင်း၊ ဤဒေသရှိကျေးရွာများမှ ချောင်းတစ်ဖက်ကမ်းရှိ သင်းပန်းချိန် အ.ထ.က (ခွဲ) သို့ မိုးရာသီ ရေစီးပြင်းထန်သည့် အချိန်တွင် ဟုန်းချောင်းဖျားကို ဖြတ်သန်းသွားလာရန် အခက်အခဲရှိ၍ ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးမှုဖြစ်ပေါ်နေကြရပါကြောင်း၊ ကျန်းမာရေးအကြောင်းကိစ္စ ပေါ်ပေါက်လာသည့်အခါ ဟုန်းချောင်းဖျားကို အချိန်မရွေးဖြတ်သန်း သွားလာ၍ မရနိုင်သည့် အတွက် တိုက်နယ်ဆေးရုံရှိရာ ကျောက်နီမော်ကျေးရွာသို့ ဆက်သွယ်သွားလာရန် ခက်ခဲသဖြင့် အသက်ဆုံးရှုံးရသည့် အခြေအနေများလည်း ရှိခဲ့ပါကြောင်း၊ ဟုန်းချောင်းဖျားဒေသတွင် တောကြားကျေးရွာ ဘက်ကမ်းမှ သင်းပန်းချိန်ကျေးရွာ ဘက်ကမ်းသို့ အချိန်မရွေးဆက်သွယ် သွားလာနိုင်ရန်နှင့် ရမ်းဗြဲမြို့၊ ကျောက်နီမော်ဒေသတို့သို့ လွယ်လင်‌့တကူ အချိန်မရွေးဆက်သွယ် သွားလာနိုင်ရန် ပေ ၂၂၀ ခန့်ကျယ်သည့် ဟုန်းချောင်းဖျားကို ဘေလီတံတား သို့မဟုတ် သံကူကွန်ကရစ်တံတား တည်ဆောက်ပေးမည်ဆိုပါက လူနေမှုအဆင့်အတန်း နိမ့်ကျနေသည့် ရခိုင်ကျေးရွာများနှင့် ချင်းအမျိုးသားကျေးရွာများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားဆက်သွယ် ကူးသန်းရောင်းဝယ်ရေး လွယ်ကူအဆင်ပြေလာမည်ဖြစ်ပြီး  အချိန်အနည်းငယ်အတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရမ်းဗြဲမြို့နယ်၊ ဟုန်းချောင်းဖျားဒေသရှိ ရခိုင် ကျေးရွာများနှင့် ချင်းအမျိုးသားကျေးရွားများ ဆက်သွယ်သွားလာရေး လွယ်ကူအဆင်ပြေ စေရန်အတွက် ဟုန်းချောင်းဖျားကိုဖြတ်၍ တံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့် အကြောင်းကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။