(က)-BOT စနစ်ဖြင့် မြေငှားရမ်းပြီး ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများနှင့်ပတ်သက်၍ နောင်တစ်ချိန်တွင်ဝယ်ယူသူ/အငှားချထား သူများမနစ်နာစေရေးအတွက် ရှင်းလင်းညွှန်ပြပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ယနေ့ မိမိမေးမြန်းသည့်မေးခွန်းသည် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက လွှတ်တော် တွင်တင်ပြပေးရန် မေတ္တာရပ်ခံလာသည့်အတွက် မေးမြန်းရခြင်းဖြစ်သော်လည်း ကျန်သည့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ဝယ်ယူသူပြည်သူများအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် လိုအပ်သည်များကို ပြန်လည်သုံးသပ်နိုင်စေရန်ဖြစ်ပါကြောင်း၊ ပြည်ပက အတတ်ပညာ နှင့်အရင်းအနှီးများကို ပြည်တွင်းကိုစီးဝင်လာစေရန်လုပ်ဆောင်ရန် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့် FDI ကဖိတ်ခေါ်သည့်အခါ Real E state သည် ကဏ္ဍတစ်ခုအနေဖြင့် အဓိကကျကျပါဝင်လာပါကြောင်း၊ ပြည်တွင်းရှိ နိုင်ငံပိုင်မြေများကို ပထမနှစ် ၃၀/၅၀၊ ၁၀ နှစ် နှစ်ကြိမ်သက်တမ်းတိုး၊ စုစုပေါင်းသက်တမ်း ၅၀/၇၀ ဖြင့်ငှားရမ်းသည်ကို BOT အနေဖြင့် ငှားရမ်းခဲ့ပါကြောင်း၊ BOT ဆိုသည်မှာ Build, Operate and Transfer ဖြစ်သည့် အတွက် နှစ် ၅၀/၇၀ ပြည့်ပါက အဆောက်အဦသာမကမြေကိုပါမူလပိုင်ရှင်ဖြစ်သော နိုင်ငံတော်ကို လွှဲပြောင်းပေးရမည် ဖြစ်ပါကြောင်း၊ ယနေ့ ဆောက်လုပ်ရေးလောကတွင် မူလရှိပြီးဖြစ်သော ကွန်ဒိုဆိုသည့်ဝေါဟာရအပြင် BOT စီမံကိန်းများကဆောက်လုပ်သည့် ကွန်ဒိုအဆောက်အဦများ ကို BOT နှင့် ကွန်ဒိုပေါင်းပြီး ဘီဒိုဟုခေါ်သောဝေါဟာရတစ်ခုပေါ်ထွန်းလာပါကြောင်း၊ အဆိုပါ ဘီဒိုနှင့် မူလရှိပြီးဖြစ်သော ကွန်ဒိုနှစ်ခုအကြားတွင် အထိုက်အလျောက်ကွာခြားမှုများ ရှိလာ ပါကြောင်း၊ အဓိကကွာခြားချက်က (Land Tenure Right) ဟုခေါ်သည့် မြေပိုင်ဆိုင်မှု အခွင့်အရေးဖြစ်ပါကြောင်း၊ ကွန်ဒိုမီဒီယံဥပဒေကို လွှတ်တော်ကအတည်ပြုပြီးဖြစ်ပါကြောင်း၊ ကွန်ဒို အခန်းဝယ်ယူသည့် Customer သည် မြေကိုပါထိုက်သင့်သည့်ရာခိုင်နှုန်းတစ်ခု ပိုင်ဆိုင်ခွင့်ရှိ သကဲ့သို့ ကွန်ဒိုအခန်းကိုလည်း ရေရှည်ပိုင်ဆိုင်ခွင့်ရှိပါကြောင်း၊ သို့သော် ဘီဒိုစနစ်ဖြင့် အခန်းကို ဝယ်မည်ဆိုပါက မြေပိုင်ဆိုင်မှုလုံးဝမရှိနိုင်သကဲ့သို့ နှစ် ၇၀ ကြာပါက BOT စနစ်အရ မူလ မြေပိုင်ရှင်ကို ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည့်အတွက် နှစ် ၇၀ သာ အခန်းကိုငှားရမ်း ပိုင်ဆိုင်ခွင့်ရရှိမည် ဖြစ်ပါကြောင်း၊ ၎င်းကို ဝယ်ယူသူပြည်သူများက ရှင်းရှင်းလင်းလင်းမသိရှိကြ ပါကြောင်း၊ ထို့ကြောင့် BOT ငှားသည့် မြေပေါ်တွင် တိုက်ခန်းဆောက်ခွင့်၊ ရောင်းခွင့်ပြုသည်မှာ သမိုင်းက အမတ်ကြီးဦးပေါ်ဦး၏ ဆင်ဖြူတော်လျှောက်ထုံးကဲ့သို့ နှစ် ၇၀ ကြာသည့်အခါ ဘုရင် လည်းမရှိ၊ ဆင်လည်းမရှိ၊ ငါလည်းမရှိ ထို့ကြောင့် ဆင်သည်မဖြူဘဲ မည်းသွားပါကလည်း ကိစ္စမရှိ ပါဘူးဟု နိုင်ငံတော်အစိုးရအနေဖြင့်သဘောထားရန်မသင့်ပါကြောင်း၊ BOT Company ကြီးများက Golden City၊ Central MaGa Landmark၊ INNO City နှင့် HAGS စသည်များဖြစ်ပြီး ၎င်း စီမံကိန်းများမှတစ်ဆင့် နိုင်ငံတော်အစိုးရအနေဖြင့် ဝင်ငွေတစ်ရပ်ရရှိခဲ့သော်လည်း ဘီဒိုကို ကြိုပွိုင့် ဝယ်ယူသည့် ငွေမြောက်မြားစွာစီးထွက်သွားခဲ့သည်ကိုလည်း သတိမူသင့်ပါကြောင်း၊ လက်တွေ့ ဖြစ်နေသည်မှာ BOT ကရရှိသည့် နိုင်ငံခြားကုမ္ပဏီများသည် နှစ် ၇၀ ငှားရမ်းခဟု နားလှည့် ပါးရိုက်ပြီး ငှားရမ်းခကို နှစ် ၇၀ စာ တွက်ပြီး ယူသည့်စနစ်ကို ကျင့်သုံးနေကြပါကြောင်း၊ ငှားရမ်းခ ကို နှစ် ၇၀ စာ ကြိုတင်ပေးရသည်ဟု မည်သည့်နိုင်ငံတွင်မျှ မကြားဖူးပါကြောင်း၊ ဘီဒိုများက One Square Meter ကို တစ်နှစ်ငှားရမ်းခ US 11 to 18 ဒေါ်လာအထိ ပေးရသည်ဆိုသည့်အချက်ကို လည်း နှစ် ၇၀ ငှားရမ်းသူကသာ နှစ်စဉ်ပေးချေရမည့်သဘောဖြစ်နေပါကြောင်း၊ အခန်းများ ရောင်းမကုန်မီတွင် Company ကစိုက်ထုတ်ပေးနေသော်လည်း Company ပြန်ထွက်သွားပါက မည်သို့ဖြေရှင်းရမည်နည်း၊ နိုင်ငံတော်နှင့်နှစ်ရှည်ငှားရမ်းသူအကြားတွင် ပြဿနာဖြစ်ရန် ဖန်တီးထားခဲ့သကဲ့သို့ ဖြစ်နေပါကြောင်း၊ ယခုချိန်တွင် BOT စနစ်ဖြင့် နိုင်ငံခြားကလာရောက်ပြီး ရင်းနှီးမြှုပ်နှံသူများကို ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များ မယှဉ်ပြိုင်နိုင်ပါကြောင်း၊ ဘာကြောင့်လဲဆိုသည်မှာ BOT Company က ငှားရမ်းခသာပေးချေရဖြင့် ရင်းနှီးမြှုပ်နှံသည့် ပမာဏကနည်းပါးကြောင်း၊ ပြည်တွင်းကုမ္ပဏီများက မြေကိုဝယ်ပြီးဆောက်ရခြင်း ဖြစ်သောကြောင့် မြေပေါ်တွင် ရင်းနှီးမြှုပ်နှံရသည့်ပမာဏက ၁၀ ဆခန့်ထိ များခြင်းက အဓိကအချက်ဖြစ်ပါကြောင်း၊ မြေဝယ်လျှင် ၃၇ ရာခိုင်နှုန်း အခွန်ပေးရပြီး မတည်ငွေ မလုံလောက်လို့ချေးလျှင် အနည်းဆုံး ၁၃ ရာခိုင်နှုန်းနှင့် ဆောက်လုပ်သည့် နှစ်နှစ်ကာလ အတောအတွင်း ၁၆ ရာခိုင်နှုန်း ကျသင့်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝယ်ယူစဉ်က ၁၀ ဆ ကုန်ကျသည့်အပြင် ထပ်စောင်းကုန်ကျငွေ အခွန်နှင့်အတိုးက ၆၃ ရာခိုင်နှုန်းထိ မြင့်တက်ပါကြောင်း၊ တစ်ဖန် BOT ကုမ္ပဏီများက ဆောက်လုပ်ရေး ပစ္စည်းတင်သွင်းလျှင် အခွန်ကင်းလွတ်ခွင့်ရပြီးမှ နိုင်ငံသားကွန်ဒို ဆောက်သူများက အခွန်အပြည့်အဝ ပေးရပါကြောင်း၊ ကွန်ဒိုတိုက်ခန်း ရောင်းချသည့် အခါတွင်လည်း အခွန်ကိုထပ်ပြီး ပေးရပါကြောင်း၊ ယခုလိုအချက်များကြောင့် ဘီဒိုများကို ကွန်ဒိုများက မယှဉ်နိုင်သည့်အတွက် ပြည်တွင်းလုပ်ငန်းရှင်များ နားလန်မထူနိုင်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံအစိုးရတိုင်းတွင် မိမိသားလုပ်ငန်းရှင်များ အကျိုးစီးပွားကို ကာကွယ်ပေးရန် တာဝန်ရှိသော်လည်း ယခုလို ယှဉ်ပြိုင်နိုင်စွမ်းမရှိလောက်အောင် ရောက်နေသည်ကို လျစ်လျူရှုထားသည်ဟု ခံစားနေရပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် BOT စနစ်ဖြင့် ငှားရမ်းလုပ်ကိုင်ကြသည့် နိုင်ငံခြား Company များနှင့် စာချုပ်ချုပ်ဆိုထားသည့် အခြေအနေ၊ လက်တွေ့မြေပြင်တွင် ဝယ်ယူအငှားချထားမှု အခြေအနေများသည် ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များကို ခွဲခြားဆက်ဆံရာရောက်ပြီး မယှဉ်သန်နိုင်အောင် ဖြစ်လာသကဲ့သို့ ဝယ်ယူငှားရမ်းသူများ အနေဖြင့်လည်း အခန်းကိုအမှန်တကယ် ပိုင်ဆိုင်ခွင့် မရရှိနိုင်သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် အားလုံးမနစ်နာစေရေးအတွက် ရှင်းလင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။