(က)-ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ဖြတ်လမ်း(၃)တွင်ရှိသည့် ဦးပိုင်အမှတ် ၁၁၈/ခ မြေကွက်၏ မြေစာရင်းမှတ်ပုံတင် ၁/က စာအုပ်၌ မှတ်တမ်းတင်ထားရှိသည့် မြေပုံမိတ္တူကို မိမိအားမည်သည့် အချိန်တွင် မည်သည့်အစီအစဉ်ဖြင့်ထုတ်ပေးပါမည်နှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၈ ပုဒ်ခွဲငယ် (ဃ)၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၉ ပုဒ်မခွဲ (ဃ) တို့တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ကို ဖော်ပြထားပါကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ရရှိခံစားနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်းဟူသည့် ပြဋ္ဌာန်းချက် ပါဝင်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၉ ပုဒ်မခွဲ (ခ)၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (ဂ) တို့တွင်လည်း လွှတ်တော်ကိုယ်စားလှယ် များသည် အစိုးရဌာနအဖွဲ့အစည်းများထံမှ အချက်အလက်များရယူခြင်း လုပ်ပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၆ နှင့် ၃၅၇ တို့တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရပိုင်ခွင့်ရှိသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသား၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်မှုဆိုင်ရာ လုံခြုံမှုတို့ကို ဥပဒေအရ ကာကွယ်ပေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊
၁၄-၅-၂၀၁၂ ရက်နေ့က ကျောက်ဖြူမြို့နယ်တရားရုံးနှင့် မြေစာရင်းဌာနက တာဝန်ရှိပုဂ္ဂိုလ်များ သည် မိမိတို့၏ရုံးဌာနအရှိန်အဝါကို အသုံးပြုပြီး အထက်ဖော်ပြပါ ဦးပိုင်အမှတ် ၁၁၈/ခ အိမ်ရာမြေ၏ ၁၀ ပေ၊ ပေ ၅၀ ခန့်ကို မတရားသိမ်းယူပြီး ပိုင်ရှင်ဦးသန်းမြင့်တို့ မိသားစုကို နေရာက ဖယ်ရှားလိုက်ကြပါကြောင်း၊ မိမိအိမ်ရှေ့တွင် ဖြစ်ပွားနေသောမတရားမှုများ ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေဖြင့် လွှတ်တော်ကတစ်ဆင့် တာဝန်ရှိသူများကို ပြောဆိုဆွေးနွေး ပြီးတင်ပြနိုင်ရန် ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ဖြတ်လမ်း (၃) တွင်ရှိသည့် ဦးပိုင်အမှတ် ၁၁၈/ခ မြေကွက်၏ မြေစာရင်းမှတ်ပုံတင် ၁/က စာအုပ်၌ မှတ်တမ်းတင်ထားရှိသည့် မြေပုံမိတ္တူကို မိမိအားမည်သည့်အချိန်တွင် မည်သည့်အစီအစဉ်ဖြင့် ထုတ်ပေးပါမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။