(ဂ)-တောင်တွင်းကြီးမြို့နယ်အတွင်း ပဲခူးရိုးမပေါ်ရှိ ဝံအော်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို အခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဝံအော်ကြီးမူလတန်းကျောင်း တည်ရှိသည့် ဝံအော်ကြီးကျေးရွာသည် တောင်တွင်းကြီး-နေပြည်တော် ကားလမ်း၏ နံဘေးတွင်ရှိပါကြောင်း၊ ရွာသူရွာသားအများစုသည် ပဲခူးရိုးမကိုမှီပြီး မျှစ်ချိုး၊ ဖားရိုက်၊ ငါးနှိုက်၊ ဝါးခုတ်၊ ထင်းခုတ်တောင်ယာအလုပ်ဖြင့် အသက်မွေးကြရသူများ ဖြစ်သည့်အတွက် စီးပွာရေးကျပ်တည်းကြ ပါကြောင်း၊ ရွာတွင်အိမ်ခြေတစ်ရာကျော် ရှိသော်လည်း လျှိုမြောင်၊ တောင်ကုန်းများပေါ်တွင် ပျံ့နှံ့တည်ရှိ နေခြင်းဖြစ်ပါကြောင်း၊
ရွာတွင်ရှိသည့် မူလတန်းကျောင်းသည် တွဲဖက်မူလတန်းကျောင်းမှ ယနေ့မူလတန်းကျောင်းအထိ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီး ဖြစ်ပါကြောင်း၊ မူလတန်းကျောင်းနှင့် အနီးဆုံးအလယ်တန်း ကျောင်းသည် ၁၀ မိုင်ကျော် ကွာဝေးသည့် သပြေပင်ကျေးရွာတွင်လည်းကောင်း၊ အထက်တန်း ကျောင်းသည် ၁၅ မိုင်ခန့်ကွာဝေးသည့် ကင်ပွန်းတောင်တွင် ရှိသည့်အတွက် ဝံအော်ကြီးကျေးရွာမှ စတုတ္ထတန်းအောင်မြင်ခဲ့သည့် ကျောင်းသား/သူ များအနေဖြင့် အဆိုပါကျောင်းများသို့ သွားရောက်ရန်သည် အင်မတန်ခက်ခဲပါကြောင်း၊ အဆိုပါ ကျေးရွာမှ ကျောင်းက ကျောင်းသား/သူ လေးများအနေဖြင့် စတုတ္ထတန်းအောင်ပြီးသည်နှင့် ဆက်လက်၍ ကျောင်းဆက်တက်နိုင်ခြင်း မရှိဘဲ ရိုးမတောင်တန်းပေါ် ရိုးမလျှိုမြောင်များအကြား မိဘများနှင့်အတူ တောင်ယာအလုပ်၊ မျှစ်ချိုး၊ ဆောင်းတွင်ဝါးခုတ်၊ ထင်းခုတ်လုပ်ကြရပါကြောင်း၊
ထို့ကြောင့် နေပြည်တော်လမ်းမကြီးနံဘေးက မူတန်းကျောင်း၏ ကျောင်းသားများ အလယ်တန်းပညာ သင်ယူခွင့်ရရန် ကျောင်းသားအရေအတွက် စံသတ်မှတ်ချက် အဓိကမထားဘဲ မူလတန်းလွန်ကျောင်းကလေး အဆင့်သာ တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။