(က)-မြန်မာ့ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် လုံခြုံရေးအင်အားတိုးမြှင့်ပေးခြင်း နည်းပညာအပါအဝင် အခြေခံလိုအပ်ချက်များ တိုးမြှင့်ထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျောက်တန်းမြို့နယ်တွင် ပင်လယ်နှင့်ထိစပ်နေသော ကျေးရွာ ၁၀ ရွာရှိပါကြောင်း၊ မီးပြကျေးရွာ၊ ချောင်းဝကျေးရွာ၊ ကုလားတန်းကျေးရွာ၊ ရှမ်းချောင်းကျေးရွာတို့မှာ ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် တပ်စခန်းများထားရှိပြီး ရေကြောင်းရဲတပ်ဖွဲ့ဝင်များလည်း ရှိပါကြောင်း၊ ပင်လယ်နှင့်ထိစပ်နေသော ကျေးရွာများကို ကွင်းဆင်းသွားသည့်အခါ ရေကြောင်းလုံခြုံရေးနှင့် ပတ်သက်သည့် အခြေအနေကို စိုးရိမ်မိပါကြောင်း၊ ထို့ပြင် ကျေးရွာသူ/သားများကလည်း တရားမဝင်ကျွဲ၊ နွားများတင်ပို့သော ကိစ္စမျိုးများ တရားမဝင်ဝင်ရောက်သည့် ကိစ္စမျိုးများမှာ တိုင်ကြားခြင်းရှိသောကြောင့် မိမိအနေဖြင့် ၂၀-၄-၂၀၁၇ ရက်နေ့မှ မုတ္တမပင်လယ်ကွေ့အပါအဝင် မြန်မာ့ရေပိုင်နက်တွင် လုံခြုံရေးဆောင်ရွက်ထားမှု အခြေအနေကို ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့သည့်အခါ ပြန်လည်ဖြေကြားပေးသော အခြေအနေက စိတ်သက်သာရာ ရခဲ့ပါကြောင်း၊ သို့သော်လည်း ၂၈-၈-၂၀၁၈ ရက်နေ့တွင် ရန်ကုန် (တောင်ပိုင်း) ခရိုင်၊ သုံးခွမြို့နယ်၊ သမစိတ်တိကျေးရွာမှ ရေမိုင်ခြောက်မိုင် အကွာအဝေးတွင် ပိုင်ရှင်မဲ့သင်္ဘောကြီးကို ပြည်သူတစ်ယောက်မှ တွေ့ပြီး သတင်းပေး၍ သိရှိခဲ့ရပါကြောင်း၊ ၁၆-၁၁-၂၀၁၈ ရက်နေ့နံနက် ၅ နာရီတွင်လည်း ရန်ကုန် (တောင်ပိုင်း) ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကံဘဲ့ကျေးရွာတွင် အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၀၆ ဦးကို ဖမ်းဆီးရမိခဲ့ပါကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၌ တရားမဝင်ဝင်ရောက်သူ ၉၃ ဦး၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တနင်္သာရီ ကမ်းရိုးတန်းတွင် ဒုက္ခသည် ၃၈ ဦး တစ်လအတွင်း လှေနှင့်ထွက်ပြေးလာသူ ၂၃၇ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တပ်မတော်ရေယာဉ်နှင့် နေရပ်ကိုပြန်ပို့ ခဲ့ရပါကြောင်း၊ ရခိုင်ဒေသကထွက်လာပြီးမှ တနင်္သာရီ ကမ်းရိုးတန်းနှင့် ရန်ကုန်အတွင်းတွင် ယခုလို တွေ့ရှိသည့်အခြေအနေကို သိရှိရသည့်အခါ မိမိအနေဖြင့် မြန်မာ့ပင်လယ်ရေကြောင်းတွင် လုံခြုံရေးဆောင်ရွက်ထားမှု အခြေအနေများကို စိုးရိမ်ပူပန်မိပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံက ကမ်းရိုးတန်းအရှည်ပေါင်း မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသော နိုင်ငံဖြစ်ပြီး မိမိတို့ကမ်းရိုးတန်းတွင် ရေပြင်နယ်နိမိတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ပင်လယ်ရေကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် ပင်လယ်ရေပြင် ရှာဖွေကယ်ဆယ်ရေးများ၊ ကမ်းလွန်ရေတူးဖော်ရေး လုပ်ငန်းများ တိုးချဲ့တည်ဆောက် လာသောကြောင့် ရေနက်ဆိပ်ကမ်းများနှင့် သဘာဝပတ်ဝန်းကျင် သယံဇာတများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်အတွက် ခေတ်နှင့်ကာလ တိုးတက်ဖြစ်ပေါ်သည့် စိန်ခေါ်မှုများဖြစ်သည့် ရေကြောင်းမတော်တဆမှုများ၊ သဘာဝအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းရန်နှင့် ရေထုညစ်ညမ်းမှုကို ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးများက လိုအပ်လျက် ရှိနေသေးပါကြောင်း၊ ထို့အပြင် လူကုန်ကူးခြင်း၊ တရားမဝင်ဝင်ရောက်ခြင်း၊ မှောင်ခိုလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းတို့အပြင် တရားမဝင်ငါးဖမ်းခြင်းစသည့် ဥပဒေမဲ့ လုပ်ရပ်များကိုလည်း ထိရောက်စွာ ကာကွယ်တားဆီးရန်အတွက် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့များလည်း လိုအပ်လျက်ရှိနေပြီ ဖြစ်ပါကြောင်း၊
ပင်လယ်နှင့်ထိစပ်နေသော နေရာများ၏ ရေကြောင်းရဲတပ်ဖွဲ့များ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်ရေယာဉ်နှင့် နယ်မြေကမ်းရိုးတန်း တပ်ရင်း၊ တပ်ဖွဲ့များ၊ တပ်မတော် သားများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ ပြည်သူ့စစ်တပဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်းပြီး ပင်လယ်ရေကြောင်းတစ်လျှောက်တွင် လုံခြုံရေးတရားမဝင် ဝင်ထွက်မှုမရှိရေး၊ ကျွဲ၊ နွား၊ သယံဇာတပစ္စည်းများ ပြည်ပသို့တရားမဝင် တင်ပို့ခြင်းနှင့် ပြည်ပမှတရားမဝင်ပစ္စည်းများ တင်သွင်းမှု မရှိရေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုအပါအဝင် ရာဇဝတ်မှုမဖြစ်ရေးတို့ကို ကြိုးပမ်းဆောင်ရွက် ပေးနေပါသည်ဆိုသော်လည်း မြန်မာ့ပင်လယ် ရေပိုင်နက်အတွင်းတွင် သင်္ဘောများ၊ စက်လှေများ ဝင်ရောက်လာသည်များကို ဒေသခံပြည်သူများ သတင်းပေးမှ သိရှိရသည့်အတွက်ကြောင့် မိမိတို့ ဒေသခံပြည်သူနှင့် နိုင်ငံသူနိုင်ငံသားများက စိုးရိမ်ပူပန်လျက် ရှိပါကြောင်း၊ မြန်မာ့ပင်လယ်ပိုင်နက် အတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများကို ခေတ်မီ Rader စနစ်များ၊ စက်ကိရိယာပစ္စည်းများနှင့် အသုံးပြုမှု ပိုင်းမှာလည်း လိုအပ်လျက်ရှိနေသည်ဟု ယူဆပါကြောင်း၊ ရေကြောင်းတပ်စခန်းများ လုံခြုံရေး တာဝန်ရှိသူများအနေဖြင့် နည်းပညာအပါအဝင် အခြေခံလိုအပ်ချက်များကို ပံ့ပိုးပေးခြင်းလည်း ယခုထက် ပိုမိုကောင်းမွန်စွာဖြင့် မြန်မာ့ပင်လယ်ရေကြောင်းနှင့် မြန်မာ့ပင်လယ်ရေနှင့် ထိစပ်နေသော နေရာများ၏ လုံခြုံရေးကို တာဝန်ယူပေးနိုင်ရန်အတွက် လုံခြုံရေးအင်အား တိုးမြှင့်ပေးခြင်း၊ နည်းပညာအပါအဝင် အခြေခံလိုအပ်ချက်များ တိုးမြှင့်ထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။