(ဂ)-စစ်ဘေးရှောင်စခန်းတွင် ပြည်သူများနိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း အခက်အခဲများနှင့်ပတ်သက်၍ ခွဲခြားကန့်သတ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိ/မရှိ သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ဘေးရှောင်စခန်းတွင် ရောက်ရှိနေသော ပြည်သူများကြုံတွေ့နေရသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း အခက်အခဲကိစ္စများနှင့်ပတ်သက်၍ ပြည်ထောင်စုဖွား တိုင်းရင်းသား စစ်စစ်ဖြစ်ပါလျက်နှင့် ခွဲခြားကန့်သတ်ချုပ်ချယ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိ/မရှိနှင့် အခြားစစ်ဘေးရှောင်စခန်းအသီးသီးသို့ ရောက်ရှိနေကြသည့် တိုင်းရင်း သားပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းအား မည်သို့ စီမံဆောင်ရွက်ထားသည်တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်တွင် အပစ်အခတ်ရပ်စဲကာလဖြစ်သော ၂၀၀၆-၀၇ ခုနှစ်များတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်မှုဒေသအောက်ရှိ ကျေးရွာအနှံ့ကွင်းဆင်းပြီး ယာယီအိမ်ထောင်စုနှင့် ယာယီနိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးခဲ့ကြရသော်လည်း အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီး နောက်ပိုင်းတွင် ၎င်းယာယီ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ တရားမဝင်သည့်အကြောင်းနှင့် ကိုင်ဆောင်သူများ ကိုလည်း စစ်ဆေးရေးဂိတ်များက အမျိုးမျိုးခြိမ်းခြောက် စစ်ဆေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါကြောင်း၊ ဤသို့ပြုခြင်းသည် ချောင်းကူးပြီးနောက် တုတ်ကိုပစ်ဟူသည့် ကချင်စကားပုံကဲ့သို့ ဖြစ်နေပါကြောင်း၊ ပြည်သူ့ဆန္ဒခံယူပွဲအတွက်သာ ထုတ်ပေးခြင်းကဲ့သို့ ဖြစ်နေပြီး နိုင်ငံတော်အစိုးရ ဝန်ကြီးဌာန၏ပုံရိပ်ကို ထိခိုက်နိုင်သည့်အပြင် တောင်ပေါ်နေ တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံသည်ဟုလည်း မှတ်ယူသွားနိုင်ပါကြောင်း၊
၂၀၁၈ ခုနှစ် မတ်လ၊ ဧပြီလတွင် မိမိတို့မြို့နယ်၌ ဖြစ်ပွားခဲ့သော စစ်ရေးအခြေအနေများကြောင့် အင်ဂျန်းယန်မြို့နယ်မှ ပြည်သူများ မြစ်ကြီးနားစစ်ရှောင်စခန်းသို့ အမြောက်အမြား ရောက်ရှိသွား ခဲ့ကြပါကြောင်း၊ ယခုအခါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း မရှိသူများသည် စစ်ရှောင်စခန်းမှ တစ်နေရာရာသို့သွားရန် အလွန်ခက်ခဲနေကြောင်း၊ စစ်ရှောင်ရသည့် ဒုက္ခအပြင် ခရီးသွားလာရေးအတွက်လည်းကောင်း၊ အထွေထွေလူမှုရေး ကိစ္စများတွင်လည်းကောင်း၊ မည်သည့်အထောက်အထားမျှ တင်ပြနိုင်ခြင်း မရှိသဖြင့် လူမှုစီးပွားရေးဘဝတွင်များစွာ ခက်ခဲနေကြောင်း၊ နိုင်ငံသားဖြစ်ခြင်းနှင့် တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးနေရကြောင်း ကာယကံရှင်များ၏ ပြောကြားချက်အရ သိရှိရပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများကို မေးမြန်းကြည့်ရာတွင် စစ်ရှောင်စခန်းသို့ ရောက်ရှိနေသူများကို အိမ်ထောင်စု၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ခြင်း မရှိကြောင်း၊ အတည်တကျနေထိုင် သူများကိုသာ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၏ ထောက်ခံချက်ဖြင့် ထုတ်ပေးကြောင်း၊ ညွှန်ကြားချက်မရှိသည့် စစ်ရှောင်များကို ထုတ်ပေးရန် အစီအစဉ်မရှိကြောင်း ဖြေကြားခဲ့ကြပါကြောင်း၊ ယခင်တော/တောင်ကြားတွင် နေထိုင်စဉ်က အထူးအစီအစဉ်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ပြီး ယခုမိမိ တို့အုပ်ချုပ်မှု ဒေသအောက်သို့ ရောက်ရှိလာပါမှ မည်သည့်အချက်ကြောင့် မလုပ်ပေးနိုင်သည်ကို ပြည်သူများလည်း သိရှိလိုနေကြပါကြောင်း၊ ပြည်ထောင်စုနယ်မြေအတွင်း နေထိုင်ကြသည့် ကချင်တိုင်းရင်းသား ပြည်သူဖြစ်ပါလျက် စစ်ဘေးဒုက္ခအပြင် ရှိပြီးသားအခွင့်အရေးကိုပါ ဆုံးရှုံးနေသဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုလည်း ထိခိုက်လာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုဖွား တိုင်းရင်းသားစစ်စစ် ဖြစ်ပါလျက် ခွဲခြားကန့်သတ်ချုပ်ချယ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ/မရှိ ပြန်လည်သုံးသပ် ပေးနိုင်ရန်နှင့် အင်ဂျန်းယန်မြို့နယ်မှ မြစ်ကြီးနားစစ်ရှောင်စခန်းသို့ရောက်ရှိနေသော ပြည်သူများနှင့် တိုင်းတစ်ပါးသားမဟုတ်သော စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေသည့် တိုင်းရင်းသားများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းကို မည်သို့စီစဉ်ဆောင်ရွက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။