(ဃ)-ပြည်ကြီးတံခွန်မြို့နယ်အတွင်း စီမံကိန်းအကောင်အထည်မပေါ်သောမြေတွင် လျော်ကြေးမရရှိသော မူလပိုင်ရှင်များနေထိုင်နေခြင်းအပေါ် အတင်းအဓမ္မဖယ်ရှားခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ကုစားပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ကြီးတံခွန်မြို့နယ်အတွင်း စီမံကိန်းအကောင်အထည် မပေါ်သောမြေတွင် လျော်ကြေးမရရှိသော မူလပိုင်ရှင်များနေထိုင်နေခြင်းအပေါ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ မြို့နယ်မှစိစစ်ဆဲနှင့် နိုင်ငံတော်သမ္မတရုံးမှ တင်ပြစာနှင့်ပတ်သက်၍ လိုအပ်သလို ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းကြားစာရောက်သည့် နေ့တွင် ဈေးနှင့်သားသတ်ဌာန စည်ပင်ကော်မတီမှ မူလပိုင်ရှင်မိသားစုများအား အတင်းအဓမ္မ ဖယ်ရှားခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ကုစားပေးမည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
၁၉၉၂ ခုနှစ်၊ ၁၉၉၃ ခုနှစ်တွင် ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရမြို့နယ် တွင်ရှိသည့် လယ်ယာမြေများကို သိမ်းဆည်းပြီး ပြည်ကြီးတံခွန်မြို့နယ်အဖြစ် မြို့ကွက်သစ် ဖော်ထုတ်၍ နေရာချထားပေးသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ချိန်ကုန်း၊ တောင်မြင့်၊ ရာတော်၊ တံခွန်တိုင်နှင့် ငွေတောကြီးကုန်း ကျေးရွာများကို ရပ်ကွက်အဖြစ်ပြောင်းလဲ၍ ကျန်လယ်ယာများကို အကွက်ရိုက်ပြီး ၁၉၉၆ ခုနှစ်တွင် မြေနေရာအားလုံးချထား ပြီးဖြစ်ပါကြောင်း၊ အကွက်ရိုက်ထား သော်လည်း အချို့မြေကွက်များသည် ပိုင်ရှင်မရှိ၊ ပိုင်ရှင်မဲ့များသာဖြစ်ပါကြောင်း၊ အချို့ မြေကွက်များတွင် မြေနေရာချထားခံရသူနှစ်ဦး ဖြစ်နေသည့်အတွက် ဖြေရှင်းရခြင်းများလည်း ရှိပါကြောင်း၊ သိမ်းဆည်းခံတောင်သူများသည် မြေကွက်အလွတ်ရှိနေသည့် မိမိတို့၏မြေကွက် နေရာများတွင် ဝင်ရောက်စိုက်ပျိုးပြီး ယခုအချိန်အထိ ဆက်လက်နေထိုင် ခဲ့ကြပါကြောင်း၊ တရားစွဲဆို ထောင်ချခံရချိန်မှ ၂၀၁၀ ခုနှစ်နောက်ပိုင်း ၂၀၁၅ ခုနှစ် ကချထားပေးသည့် ဂရန်ပိုင်ရှင်များ ရှိကြောင်းကိုလည်း မြေပိုင်ရှင်များအနေဖြင့် သိရှိရခြင်းဖြစ်ပါကြောင်း၊ နေထိုင်လုပ်ကိုင်နေသည့် မူလပိုင်ရှင်များမသိဘဲ မည်ကဲ့သို့ ဂရန်များရရှိနေသည်ကို ၎င်းတို့မသိကြပါကြောင်း၊ ယခုအစိုးရသစ်လက်ထက်တွင် သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ပေးအပ်မည် ဆိုသည့်အတွက် တစ်မြို့နယ်လုံးသည် သိမ်းဆည်းခံထားရသည့် မြေဖြစ်သည့်အတွက် တိုင်စာပေါင်းမြောက်မြားစွာကို မိမိတို့လက်ခံရရှိပါကြောင်း၊ သိမ်းဆည်းခံ လယ်ယာမြေများနှင့် ပတ်သက်ပြီးရရှိလာသည့် တိုင်စာများကို မြို့နယ်လယ်စီစစ်ကော်မတီမှ လယ်ယာမြေကို စိစစ်သည့်အခါ လယ်ယာမြေနှင့် အခြားမြေများ စိစစ်ရေးဗဟိုကော်မတီ၏ ချမှတ်ထားသည့် မူဝါဒ ၅၂ ချက်နှင့်အညီ စိစစ်သည့်အခါ ပြည်ကြီးတံခွန်မြို့နယ်ကို စနစ်မကျသော မြေသိမ်းယူချထားခြင်းများကြောင့် ပြဿနာများစွာရှိနေသည်ကို စိစစ်တွေ့ရှိ ရပါကြောင်း၊
မြေနေရာချထားရေး အဖွဲ့အနေဖြင့် မြေယာသိမ်းဆည်းသည့်အခါ လျော်ကြေးများကို မည်သူ့ကိုပေး၍ မည်သူ့ကိုမြေအစားထိုးပေးသည်၊ မည်သူတို့ကို ချထားပေးထားသည် ဆိုသည်ကို မြို့နယ်ရှိတာဝန်ရှိသူများကို မေးသည့်အခါ ၎င်းတို့မသိကြပါကြောင်း၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ စိစစ်ရေးအဖွဲ့မှ ဗဟိုမြေစစ်ကချမှတ်ထားသည့် မူဝါဒများနှင့်အညီ စိစစ်သည့်အခါ သိမ်းဆည်းခံရသူများသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် သိမ်းဆည်းခံရခြင်း ဟုတ်/မဟုတ်၊ မူလ ပိုင်ရှင်ဟုတ်/မဟုတ်၊ သိမ်းဆည်းခံရသော မြေကွက်သည် စီမံကိန်းအကောင်အထည်ပေါ်/မပေါ်၊ လျော်ကြေး၊ နစ်နာကြေး ရရှိထားခြင်းရှိ/မရှိစသည့် အချက်များကို သေချာစိစစ်ခဲ့ကြပါကြောင်း၊ တိုင်စာများမှ တစ်ခုဖြစ်သည့် ဦးစိုးဦးပါ မိသားစုသုံးစုပိုင် မြေနေရာနှင့်ပတ်သက်ပြီး ယခုအစိုးရ လက်ထက်အထိ နေအိမ်ဝိုင်းတွင် နေထိုင်လုပ်ကိုင် စားသောက်လျက်ရှိပြီး ကိုင်ဆောင်ထားသည့် ရေခွန်၊ မြေခွန်ပြေစာပေါင်း အစောင်ရေ ၄၀ ကျော်ခန့်ရှိသည်ကိုလည်း စိစစ်တွေ့ရှိရပြီး မူလတောင်သူ ဖြစ်သည်ကို လ့လာတွေ့ရှိရပါကြောင်း၊ မူလတောင်သူဖြစ်သည့် ဦးစိုးဦး၏ ၁၃ ဧကခန့် သိမ်းဆည်းခံရပြီး ၂ ဧကကျော်ခန့်သည့် စီမံကိန်းအကောင်အထည် မပေါ်သော် လစ်လပ် မြေကွက်ဖြစ်သည်မှာ ပေါ်လွင်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်မြေစစ်ကော်မတီ၏ သုံးသပ်ချက်တွင် မူလတောင်သူကို ပြန်လည်ပေးအပ်သင့်ကြောင်း သုံးသပ်အကြံပြုပြီး တိုင်းမြေစစ်ကော်မတီကို ဆက်လက်ပေးပို့ ခဲ့ပါကြောင်း၊ သို့သော ဦးစိုးဦးထံသို့ အမျိုးသားလွှတ်တော် နိုင်ငံသားမူလအခွင့် အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် နိုင်ငံတော်သမ္မတရုံး သုတေသနသတင်းပြန်ကြားရေးနှင့် တိုင်ကြားစာများဌာနမှ ၂၀.၈.၂၀၁၈ ရက်နေ့ စာဖြင့် လိုအပ်သလို ဆက်လက်စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အကြောင်းပြန်စာရောက်သည့် နေ့တွင် မိသားစု သုံးဦးကို ဈေးနှင့်သားသတ်ဌာန စည်ပင်သာယာရေးကော်မတီက အင်အား ၂၅၀ ဦးလာရောက်ပြီး အတင်းအဓမ္မဖယ်ရှားခဲ့သည့်အတွက် အိမ်ရှိယာရှိဘဝမှ အိမ်မဲ့ယာမဲ့ ကျူးဘဝဖြင့် နေထိုင်ခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ မူလတောင်သူများအား ယာယီနေထိုင်ခွင့် ပေးပြီး ပြန်လည်စိစစ်ပေးအပ်သင့်သော မြေဖြစ်သည့်အတွက်ကြောင့် ရေရှည်ဘဝရပ်တည်ရေး၊ အသက်ရှင်နေထိုင် နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် မည်ကဲ့သို့ဆောင်ရွက် ပေးမည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။