(င)-သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ကျူးကျော်စာရင်းတွင်လည်းမပါ၊ တရားဝင်မြေငှားဂရန်လည်းမရှိဘဲ နိုင်ငံတော်ပိုင်မြေပေါ်တွင် အခိုင်အမာ တည်ဆောက်ထားသော နေအိမ်အဆောက်အအုံများကို အရေးယူ ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ကျူးကျော်စာရင်းတွင်လည်းမပါ၊ တရားဝင်မြေငှားဂရန်လည်းမရှိဘဲ နိုင်ငံတော်ပိုင်မြေပေါ်တွင် အခိုင်အမာ တည်ဆောက်ထားသော နေအိမ်အဆောက်အအုံများကို အရေးယူ ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သုမင်္ဂလာလမ်းမကြီးပေါ်ရှိ ကြီးမားသော KTV အဆောက်အအုံကြီး ဆောက်လုပ်ထားသော မြေနေရာသည် ယခင်နိုင်ငံတော်ပိုင် ပလပ မြေဖြစ်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်ကတည်းက ဤမြေကွက်တွင် အသွင်အမျိုးမျိုးနှင့်ကျူးကျော် ဝင်ရောက်ခဲ့ပြီး အဆင့်ဆင့်လက်ပြောင်း ရောင်းချလာခဲ့ပါကြောင်း၊
၂၀၁၂ ခုနှစ်က ဆောက်လုပ်ခဲ့သည့် KTV အဆောက်အအုံ မြေနေရာသည် ၂၀၁၄ ခုနှစ် ရောက်သည့်အခါ ၎င်းမြေကွက်လပ်ပေါ်တွင် ကြီးမားသော KTV အဆောက်အအုံကြီးသည် ရပ်ကွက်၊ ပြည်သူများကန့်ကွက်နေသည့် ကြားထဲက ပေါ်ထွက်လာပါကြောင်း၊ အဆိုပါ KTV အဆောက်အအုံ ကြီးကို ဆောက်သည့်အခါ တရားဝင်အစိမ်းဘုတ် ထောင်ခြင်းလည်းမရှိပါကြောင်း၊ နောက်တစ်ခါ သုမင်္ဂလာလမ်းမကြီးကို ဖြတ်သန်းသွားသည့် ရေစီး/ရေလာရှိသည့် ရေမြောင်းကိုလည်း ပိတ်ဆို့ပြီး ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ KTV ၏ နောက်ကျောဘက် သရက်တောလမ်းမပေါ်တွင် နိုင်ငံတော်ပိုင် မြေကွက်လပ်တစ်ခု ၂၀၁၂ ခုနှစ်အထိရှိခဲ့ပါကြောင်း၊ ၎င်းမြေကွက်လပ်တွင် ရန်ပုံငွေမြေနေရာ မကျူးကျော်ရဆိုပြီး ဆိုင်းဘုတ်လေးစိုက်ပြီး တဲလေးတစ်လုံး ဆောက်ထား ပါကြောင်း၊ ၂၀၁၄ ခုနှစ် ရောက်သည့်အခါ ၎င်းရန်ပုံငွေ မြေနေရာဆိုသည့် နေရာတွင် ယခုကဲ့သို့ အခိုင်အမာအဆောက်အအုံကြီး ဖြစ်လာပါကြောင်း၊ မိမိတို့ သုမင်္ဂလာလမ်းမပေါ်တွင်လည်း စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်နေသည့် တရားမဝင်အဆောက်အအုံကြီး သုံးခုရှိပါကြောင်း၊ နောက်တစ်ခါ ဇဝနရပ်ကွက်၊ သရက်တောလမ်းနှင့် ကျောင်းလမ်းကြားတွင်လည်း တရားမဝင် အဆောက်အအုံ ခြောက်လုံးရှိပါကြောင်း၊ နောက်တစ်ခါ သင်္ဃန်းကျွန်းမြို့နယ်၊ သစ်ဝိုင်းကြီးရပ်ကွက် မေတ္တာလမ်းမကြီးကို ပိတ်ဆို့ထားသည့် အိမ်နှစ်လုံးလည်းရှိပါကြောင်း၊ မီးရေး၊ ထင်းရေးလည်း စိုးရိမ်ရသကဲ့သို့ မေတ္တာလမ်းကြီးကို မျက်နှာမူပြီး ဆောက်ထားသည့် အိမ်အရေအတွက်ကလည်း ရှေ့ကပိတ်ပြီး ဆောက်ထားသကဲ့သို့ ဖြစ်နေပါကြောင်း၊ ကျူးကျော်ဆောက်ထားသည့် အိမ်တစ်လုံး လည်းရှိပါကြောင်း၊ နောက်တစ်ခါ သင်္ဃန်းကျွန်းမြို့နယ် (ဃ) ရပ်ကွက်တွင် သံသုမာလမ်းမကြီး ပေါ်တွင် တရားမဝင်ဖွင့်လှစ်ထားသည့် တရားမဝင်အဆောက်အအုံ အရက်ဆိုင်များလည်း ရှိပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည့် မေးခွန်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်အတွင်းမှ ကျူးကျော်စာရင်းတွင်လည်းမပါ၊ တရားဝင် မြေငှားဂရန်လည်း မရှိဘဲ နိုင်ငံတော်ပိုင် မြေကွက်ပေါ်တွင် အခိုင်အမာ တည်ဆောက်ထားသော နေအိမ်အဆောက်အအုံများကို အရေးယူ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။