(စ)-လားရှိုးမြို့၊ မြို့မစည်ပင်သာယာဈေးကြီး၏ဝန်းကျင်တစ်ဝိုက်ရှိ လမ်းများပေါ်တွင် နေ့စဉ်ရပ်နားထား သည့် မြောက်မြားလှစွာသော မော်တော်ယာဉ်ပေါင်းစုံတို့ကို စည်းကမ်းတကျနှင့် လုံခြုံစွာရပ်နားနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့လားရှိုးတွင် စည်ပင်သာယာဈေး ၅ ဈေးရှိသည့်အနက်က မြို့မဈေးသည် အကြီးဆုံးနှင့် အစည်ကားဆုံး ဖြစ်ပါကြောင်း၊ မြို့လယ်ကောင်ဈေးကြီး ဖြစ်သည့်အားလျော်စွာ ဈေး၏ပတ်ဝန်းကျင် တစ်လျှောက်တွင် ကုန်စိမ်းဈေး၊ ညဈေး၊ ဘဏ်၊ ခုတင် ၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီး၊ သူနာပြု/သားဖွား သင်တန်းကျောင်း၊ ရုပ်ရှင်ရုံ၊ တည်းခိုခန်း၊ ဟိုတယ်၊ ကားဂိတ်၊ ဗလီ၊ ဌာနဆိုင်ရာရုံး စသည်များ ရှိခြင်းကြောင့် ကြက်ပျံမကျစည်ကားသော နေရာဖြစ်ပါကြောင်း၊ ဈေးကို မနက် ၆ နာရီမှ စဖွင့်ပြီး ရောင်းဝယ်ကြသည်ဆိုသော်လည်း ရပ်ဝေးဈေးသည်များအဖို့ မနက် ၂ နာရီ၊ ၃ နာရီခန့်မှစပြီး လက်ဆွဲမီးအိမ်များနှင့် ဈေးအပြင်ဘက်တွင် စတင်ရောင်းဝယ် နေကြပြီး ဈေးကြီးဖွင့်ချိန်တွင်လည်း ဆက်လက်ရောင်းဝယ်ကြခြင်းသည် ညနေ ၄ နာရီ၊ ၅ နာရီအထိ ဖြစ်ပါကြောင်း၊ နေ့လယ်ဈေးရောင်းအား ကျသွားသည်အချိန်နှင့် တစ်ချိန်တည်း ဈေးနှင့်ကပ်လျက် လမ်းပေါ်တွင် ညဈေးဆက်ဖွင့်ကြပါကြောင်း၊ ညဈေးဟုဆိုသော်လည်း ၃ နာရီခန့်ကတည်းက ဈေးခင်းပြီး ရောင်းဝယ်ကြသည်မှာ ည ၉ နာရီ၊ ၁၀ နာရီအထိ ဖြစ်ပါကြောင်း၊ ယခုလို အကြောင်းအမျိုးမျိုးကြောင့် ဈေးဘက်ကို ရောက်လာကြသည့် မော်တော်ယာဉ်များသည် ရပ်နားစရာမရှိအောင် တိုးတက်များပြားလာပါကြောင်း၊
ယခုလို ဈေး၏ အရပ်လေးမျက်နှာတွင်ရှိသည့် တစ်လမ်း၊ နှစ်လမ်း၊ သုံးလမ်းအထိ လမ်းကြီး/ လမ်းငယ် အသွယ်သွယ်သည် မိုးလင်းသည့်အချိန်ကစပြီး ဈေးကြီးပြီးသည်အထိ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ သုံးဘီး၊ တွန်းလှည်းစသည်များ ရပ်နားပိတ်ဆို့လာခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာမြင့် လာခဲ့ပြီဖြစ်ပါကြောင်း၊ အလားတူ ဈေးဝယ်ရန် ရောက်လာသော ရပ်နီးရပ်ဝေးက မော်တော်ယာဉ်များသည်လည်း လမ်းတစ်ဝိုက်တွင် ရပ်နားကြရပါကြောင်း၊ သို့သော် စိတ်ချလက်ချ ရပ်နားရန်နေရာ မလုံလောက်သည့်အတွက် အဆင်မပြေမှုများနှင့် အမြဲရင်ဆိုင်ကြရပါကြောင်း၊ ထို့အတူ အနီးအနားက ရပ်ကွက်သူ/သားများ၊ အိမ်ရှင်၊ ဆိုင်ရှင်များဆိုလျှင် နေ့စဉ်နေ့တိုင်း မခေါ်ဘဲ၊ မမျှော်ဘဲ မနက်မိုးလင်းလာသည်နှင့် အိမ်ရှေ့တွင်တန်းစီပြီး ဒုက္ခပေးသည့် ယာဉ်များကြောင့် စိတ်ပျက်အားငယ် နေကြရပါကြောင်း၊ အကယ်၍များ အရေးပေါ်မီးရေး၊ ထင်းရေးကိစ္စုမျိုး ပေါ်ပေါက်လာခဲ့မည်ဆိုလျှင် ဆုံးရှုံးမှုအန္တရာယ်အမျိုးမျိုးနှင့်လည်း ကြုံတွေ့ရနိုင်ပါကြောင်း၊ ထို့ကြောင့် လားရှိုးမြို့မဈေးကြီးတစ်ဝိုက် လမ်းများပေါ်တွင် နေ့စဉ်ပြန့်ကျဲပိတ်ဆို့ ရပ်နားကြသည့် မြောက်မြားလှစွာသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို စည်းကမ်းတကျလုံခြုံစိတ်ချစွာ ရပ်နားထားနိုင်ရေး ဆောင်ရွက်ထားရှိသည့် အစီအမံများရှိ/မရှိ သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။