(ဃ)-သံတွဲမြို့နယ်၊ ငပလီမြို့တွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပြုငပလီမြို့ ဖွံ့ဖြိုးရေးသဘောထားပုံစံ (ရခိုင်ပြည်နယ်) ကို စီမံကိန်းချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ်၊ သံတွဲမြို့သည် နာမည်ကျော် သာယာလှပသည့် ကမ်းခြေမြို့တစ်မြို့ဖြစ်ပြီး နှစ်စဉ် ပြည်တွင်း/ပ ခရီးသွားများ လာရောက်လည်ပတ်သော ကမ်းခြေဖြစ်ပါကြောင်း၊ ၂၂-၂-၂၀၁၉ ရက်နေ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် “ရခိုင်ပြည်နယ်၏ သဘာဝအလှတရားကို အခြေပြုပြီး ရခိုင်ပြည်နယ်ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ပေးမည့် အဖွဲ့အစည်းများနှင့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များ အတူတကွ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် အခွင့်အလမ်းများကို ယနေ့အခမ်းအနားမှ ဖော်ထုတ်ပေးနိုင်မည်ဖြစ်သည်” ဟု ပြောကြားခဲ့ပါကြောင်း၊
ငပလီမြို့၊ အဆိုပြုမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၆ ခုနှစ် မတ်လက စီစဉ်ဆောင်ရွက်ခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နောက်ကျနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ငပလီကမ်းခြေ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များ နှောင့်နှေးနေရခြင်း၊ နွေရာသီတွင် ခရီးသွားများ တည်းခိုရန်တည်းခိုခန်း လုံလောက်မှုမရှိခြင်း၊ အဆိုပြုစီမံကိန်းအတွင်း ကျရောက်နေသည့် လယ်ယာမြေများကို လယ်ပိုင်ရှင်များက မြေကွက်ဖို့အကွက်ချပြီး ရောင်းစားနေခြင်းတို့ကြောင့် မလိုလားအပ်သည့် ပြဿနာများကို စီမံကိန်းအကောင်အထည် ဖော်ဆောင်ရာတွင် မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လိုအပ်ချက်အရ စီမံကိန်းလျာထားချက် ရှိပြီးသားဖြစ်ခြင်းကြောင့် ငပလီမြို့မြို့ပြဖွံ့ဖြိုးရေး သဘောထား အဆိုပြုပုံစံအား ဆောလျင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။