(ဆ)-စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် စစ်တွေ-ပါဒလိတ်ဇီးကိုင်း-ရသေ့တောင်လမ်းပေါ်ရှိ မူစဲကျွန်းနှင့် ငနပြားချောင်းကို ဆက်သွယ်မည့် ငနပြားတံတားကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရသေ့တောင်မြို့နယ်အတွင်း မြို့နယ်၊ကျေးရွာချင်းဆက် လမ်းများအနေဖြင့် မြေသားလမ်း၊ ကျောက်ခင်းလမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများဖြင့် လမ်းကွန်ရက်ချိတ်ဆက်မှု အတော် အသင့် ကောင်းမွန်နေပြီဖြစ်ပါကြောင်း၊ ကူတောင်တိုက်နယ်အတွင်း တည်ရှိသော မူစဲကျွန်းသည် ရခိုင်ပြည်နယ်ရှိ အကြီးဆုံးကျွန်းများအနက် တစ်ကျွန်းအပါအဝင် ဖြစ်ပါကြောင်း၊ ဂူတောင်တိုက်နယ်သည် ကျေးရွာပေါင်း ၂၄ ရွာဖြင့်ဖွဲ့စည်းထားပြီး လူဦးရေ ၃၀၀၀၀ ကျော် နေထိုင်လျက်ရှိနေကြပါ ကြောင်း၊ ၎င်းကျေးရွာတွင်နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် စစ်တွေမြို့ကို သွားလာပါက လှိုင်း၊ လေကြီးပြီး ပါဒလိတ်အကျယ် တစ်မိုင်ခွဲခန့်ရှိသော တွီတေးမြစ်ကို စက်လှေများဖြင့် ဖြတ်ကူးပြီး ကားလမ်းဖြင့် တစ်ဆင့်သွားလာ ကြရပါကြောင်း၊
ရသေ့တောင်မြို့ကိုသွားပါက ငနပြားချောင်းကို စက်လှေများဖြင့် သွားလာကြရပါကြောင်း၊ ရေလမ်း ခရီးဖြစ်သည့်အတွက် မိုးရာသီတွင် သွားရေးလာရေးအတွက် အလွန်ခက်ခဲမှုများ ကြုံတွေ့ကြ ရပါကြောင်း၊ ငနပြားချောင်းသည် ပေ ၇၀၀ ရှိပါကြောင်း၊ ၎င်းချောင်းကို တံတားတည်ဆောက်ပြီး ငနပြားမှ ပြားချောင်းကြီးကျေးရွာသို့ သုံးမိုင်ကားလမ်းသာ ဖောက်လုပ်ပေးလိုက်ပါက အဆိုပါ ကျေးရွာမှ ဒေသခံပြည်သူများအနေဖြင့် ငနပြားချောင်းကို ဖြတ်ကူးစရာမလိုဘဲ ယခုလက်ရှိ အသုံးပြုသွားလာနေသော ရသေ့တောင်-ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းမကြီးမှတစ်ဆင့် အခြားမြို့နယ်၊ ပြည်နယ်/တိုင်းဒေသကြီးများသို့ တိုက်ရိုက်သွားလာနိုင်မည် ဖြစ်သည့်အတွက် မိမိ၏မဲဆန္ဒနယ်ရှိ ဒေသခံပြည်သူများသည် ကုန်းလမ်းခရီးမှ အချိန်တိုအတွင်း တိုက်ရိုက်ဆက်သွယ် သွားလာနိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုများလည်း ပိုမိုမြန်ဆန်ကောင်းမွန် လာနိုင်စေရေးအတွက် စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် စစ်တွေ-ပါဒလိတ်ဇီးကိုင်း-ရသေ့တောင် လမ်းပေါ်ရှိ မူစဲကျွန်းနှင့် ငနပြားချောင်းကို ဆက်သွယ်မည့် ငနပြားတံတားကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။