(ဂ)-လစဉ်သုံးစွဲပြီးသော ယူနစ်များကို Digital စနစ်ဖြင့် မီတာမဖတ်နိုင်သေးမီ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်လျှပ်စစ်ဌာနတိုင်း၏ ဝန်ထမ်းလိုအပ်ချက်များကို ပြန်လည်စိစစ်ပြီး ဝန်ထမ်းများ အမြန်ဆုံး ဖြည့်ဆည်းခန့်ထားပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

နမ္မတူမြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၊ နမ္မတူမြို့၏ ဖွဲ့စည်းပုံစာရင်း ဖြစ်ပါကြောင်း၊ ၎င်းစာရင်းအရ ဒုတိယလက်ထောက် ကြီးကြပ်ရေးမှူး မီတာစာရေးသည် ခွင့်ပြုနှစ်ဦးလို့ ပါရှိသော်လည်း လုံးဝလစ်လပ်လျက် ရှိနေပါကြောင်း၊ တောင်ပေါ်ဒေသအတွက် ဒုတိယလက်ထောက် ကြီးကြပ်ရေးမှူး မီတာစာရေးတစ်ဦးသည် မီတာအလုံးရေ ၇၀၀ ကို ဖတ်ရခြင်း၊ ကတ်ဖြည့်ရခြင်း၊ မီတာဘေလ်ရေးရခြင်း၊ ဘေလ်ဝေရခြင်းနှင့် ငွေကောက်ရခြင်းတို့ကို တာဝန်ယူရမည် ဖြစ်ပါကြောင်း၊ မီတာ ၃၈၀၄ လုံးရှိသည့် နမ္မတူမြို့အတွက် ဒုတိယလက်ထောက် ကြီးကြပ်ရေးမှူးငါးဦး လိုအပ်နေ ပါသော်လည်း တစ်ဦးမှ တရားဝင်ခန့်ထားပေးခြင်း မရှိသေးပါကြောင်း၊ တစ်မြို့နယ်လုံးတွင် ရှိနေသည့် မီတာဖတ်ရန်အတွက် နေ့စားဝန်ထမ်းတစ်ဦးကိုသာ ခန့်ထားနိုင်ပါကြောင်း၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး (နမ္မတူမြို့) နေ့စားဝန်ထမ်းစာရင်း ဖြစ်ပါကြောင်း၊ ၎င်းစာရင်းကို ကြည့်လိုက်မည် ဆိုပါက ဝန်ထမ်းတချို့သည် လုပ်သက်ခြောက်နှစ်ကျော်ခန့်ရှိပြီ ဖြစ်သော်လည်း ဘဝအာမခံချက် မရှိဘဲ နေ့စားအဖြစ်သာ လုပ်ကိုင်နေသည်ကို တွေ့ရှိရပါကြောင်း၊ နေ့စားစတင် ခန့်အပ်သည့် အချိန်တွင် လျှောက်ထားသူ၏အရည်အချင်း ဘွဲ့တစ်ခုခုရရှိပြီးသူ ဖြစ်ရမည့်အပြင် ဌာနက အသုံးမလိုသည့် အချိန်ခန့်ထားမှုကို ရပ်ဆိုင်းမည်ဖြစ်ကြောင်းနှင့် နေ့စားခန့်အပ်ခြင်းသည် ဝန်ထမ်းအဖြစ် ခန့်အပ်မည် မဟုတ်ကြောင်းကိုပါ သိရှိကြောင်း သဘောတူလက်မှတ် ထိုးထားရပါမည်။ တရားဝင်မီတာဖတ်ရက်ကို တစ်လငါးရက်ဟု သတ်မှတ်ထားပါကြောင်း၊ ရုံးစိုက်ရာမြို့နှင့် ငါးမိုင်အထက် ဝေးကွာသော ဒေသများအတွက် မီတာဖတ်ရသည့် မီတာစာရေးကို ယာဉ်များစီစဉ်ပေးခြင်း မရှိဘဲတစ်လ လောင်စာဆီဖိုး ၂၅၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ထားပါကြောင်း၊ သို့သော် ၂၀၁၀ ခုနှစ်မှ ယခုအထိတိုင် နမ္မတူမြို့နယ်တွင် မီတာဖတ်ရန်အတွက် ဓာတ်ဆီဖိုးငါးလသာ လက်ခံရရှိခဲ့ဖူးသည့် အတွက်ကြောင့် မီတာဖတ်စာရေးများအတွက် စီးစရာယာဉ်တစ်မျိုးမျိုး စီစဉ်ပေးရန်နှင့် ရုံးစိုက်ရာမြို့၏မိုင်အကွာအဝေးအပေါ် မူတည်ပြီး ကုန်ကျမည့်လောင်စာဆီများကို အပြည့်အဝ ထောက်ပံ့ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ ၃၁ တွင် နိုင်ငံတော်သည် ပြည်သူများအလုပ်လက်မဲ့ နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ လျှပ်စစ်၏မူဝါဒတွင်လည်း နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ် တိုးမြှင့်ရန် ဆောင်ရွက်ရေးဟုလည်း ပါရှိထားပါကြောင်း၊ ဝန်ထမ်းအမှန်တကယ် လိုအပ်နေပြီး အတွေ့အကြုံ ရှိသည့် နေ့စားများကို တရားဝင်ခန့်ထားမှု မရှိခြင်းသည် နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေသည်ကို တွေ့မြင်ရပါကြောင်း၊ နမ္မတူမြို့နယ်သာမက အခြားမြို့နယ်များတွင်လည်း လျှပ်စစ်နှင့်ပတ်သက်ပြီး ဝန်ထမ်းလစ်လပ်မှုသည် ဤကဲ့သို့ ဖြစ်ရပ်များရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ လျှပ်စစ်ဌာနနှင့်ပတ်သက်ပြီး လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများတွင် အရှုံးမရှိသော်လည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနများတွင် အရှုံးပေါ်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် အရှုံးပေါ်နေသည့် လျှပ်စစ်ဌာနအတွက် ကုစားမှုမပြုနိုင်ခင်ကြားတွင် ဝန်ထမ်းပိုမိုတိုးချဲ့ ခန့်ထားခြင်းဖြင့် အမှားအယွင်းများကို နည်းနိုင်သမျှနည်းအောင် အကာအကွယ်ပြုနိုင်ပြီး လျှပ်စစ်ကဏ္ဍကို ပြန်လည်မြှင့်တင်ရေး လိုအပ်လျက်နေသည့်အတွက်ကြောင့် လစဉ်သုံးစွဲပြီးသည့် ယူနစ်များကို Digital စနစ်ဖြင့် မီတာမဖတ်နိုင်သေးမီ မြန်မာနိုင်ငံအတွင်းတွင်ရှိသည့် မြို့နယ်လျှပ်စစ် ဌာနတိုင်း၏ ဝန်ထမ်းလိုအပ်ချက်များကို ပြန်လည်စိစစ်ပြီး ဝန်ထမ်းများ အမြန်ဆုံးဖြည့်ဆည်း ခန့်ထားပေးနိုင်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။